စစ်ကိုင်းတိုင်း၊ ကနီမြို့နယ်၊ မင်းမရွာအနောက်တောင်ခြမ်းတွင် စစ်ကောင်စီတပ်နှင့် ဒေသကာကွယ်ရေးတပ်များ တိုက်ပွဲဖြစ်ပြီး စစ်ကောင်စီတပ်က ဗုံးများကြဲချခဲ့သဖြင့် ဒေသခံများ၏ နေအိမ်များ ထိခိုက်ပျက်စီးခဲ့ရကြောင်း သိရသည်။
၂၀၂၃ ခုနှစ်၊ မေလ(၁၅)ရက်နေ့ နံနက်ပိုင်းက ဘန့်ဘွေးရွာမတွင် တပ်စွဲထားသည့် စစ်ကောင်စီတပ်သည် အင်အားအများအပြားဖြင့် စစ်ကြောင်းထိုးလာရာ ဒေသကာကွယ်ရေးမဟာမိတ်တပ်ပေါင်းစုတို့ နှင့် (၂)နာရီကြာ တိုက်ပွဲဖြစ်ပွားခဲ့သည်ဟု သိရသည်။
၎င်းတိုက်ပွဲတွင် စစ်ကောင်စီတပ်များ အထိနာကာ ပြန်လည်ဆုတ်ခွါသွားပြီးနောက် နောက်ချန်အင်အားနှင့်ပေါင်းကာ ထပ်မံစစ်ကြောင်းထိုးလာခြင်းကြောင့် မင်းမရွာ၊ ကတ္တရာလမ်း အနောက်ဘက်နှင့် အ ရှေ့ဘက်တို့တွင် ထပ်မံတိုက်ပွဲဖြစ်ပွားခဲ့သည်ဟု သိရသည်။
ယင်းတိုက်ပွဲတွင်လည်း စစ်ကောင်စီတပ်များ အထိနာသဖြင့် လေကြောင်းမှ လာရောက်ဗုံးကြဲခဲ့ရာ ဒေသခံများ၏ နေအိမ်များ ထိခိုက် ပျက်စီးခဲ့ရခြင်းဖြစ်ကြောင်း သိရသည်။
ဒါ့အပြင် စစ်ကောင်စီတပ်သည် မုံရွာ - ကျောက်စစ်ပုံ အမြောက်တပ်မှ လက်နက်ကြီးများဖြင့် ထပ်မံပစ်ကူပေးခဲ့သည်ဟုလည်း ဆိုသည်။
အဆိုပါ တိုက်ပွဲတွင် စစ်ကောင်စီတပ်မှ အရာရှိ(၁)ဦး အပါအဝင် အများအပြားသေကာ မဟာမိတ်တပ်ပေါင်းစုမှ ရဲဘော်(၅)ဦး ဒဏ်ရာရရှိပြီး (၁)ဦးကျဆုံးခဲ့သည်ဟု ပြည်ထောင်စုလွတ်မြောက်ရေးတပ်ဦးက ယနေ့မေလ (၁၇)ရက်တွင် သတင်းထုတ်ပြန်ထားသော်လည်း စစ်ကောင်စီတပ်ဘက်က သေဆုံးစာရင်းကို Tachileik News Agency အနေဖြင့် အတည်မပြုနိုင်ပေ။
တိုက်ပွဲတွင် ပြည်ထောင်စုလွတ်မြောက်ရေးတပ်ဦး၏ Comrade Column စစ်ကြောင်း၊ Phoenix Column စစ်ကြောင်း နှင့် KLG Column စစ်ကြောင်းတို့ ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
#TachileikNewsAgency