ရှမ်းပြည်နယ်အရှေ့ပိုင်း တာချီလိတ်မြို့ ဝမ်ကောင်းရပ်ကွက်အတွင်း ကချင်ရွာဘက်က တောင်ကုန်းမှာ ဒီနေ့ ၂၀၂၃ခုနှစ် ဧပြီလ(၁၉)ရက်နေ့ ည(၇)နာရီခွဲကျော်အချိန်ကစပြီး ည(၉)နာရီ (၄၅)မိနစ်အချိန်အထိ မီးအရှိန်မြင့်စွာ လောင်ကျွမ်းပြီးနောက်မှာ ည(၁၀)နာရီ နောက်ပိုင်းမှာတော့ မီးအရှိန်လျော့နည်းသွားတဲ့အတွက် အနီးဝန်းကျင်နေ ပြည်သူများရဲ့ စိုးရိမ်မှုတွေ လျော့ကျသွားပါတယ်။
မီးလောင်တဲ့နေရာအနီးမှာ ရာဘာပင်များရှိသလို လူနေအိမ်နဲ့လည်း မနီးမဝေးမှာ ရှိနေပြီး မီးလောင်မှုကြောင့် ထွက်ပေါ်လာတဲ့ အသံများဟာ အဝေးထိကြားနေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
အစောပိုင်းမှာ အရှိန်ပြင်းပြင်းနဲ့ လောင်နေတဲ့ မီးကို ငြှိမ်းသတ်နိုင်ဖို့ အနီးဝန်းကျင်နေသူတွေက မီးသတ်တပ်ဖွဲ့ရဲ့ ဖုန်းနံပါတ်ကို ရဖို့ ခက်ခက်ခဲလိုက်လံစုံစမ်းနေရတာတွေ မီးသတ်ရုံးအထိ သွားရောက် အကြောင်းကြားတာတွေ ပြုလုပ်ကြပြီးနောက်မှာ မီးသတ်တပ်ဖွဲ့က မီးသတ်ရုံးကနေ ည(၈)နာရီ (၄၅)မိနစ်အချိန်မှာ ထွက်ခွာသွားပါတယ်။
မီးသတ်ကားထွက်ခွာသွားပေမဲ့လည်း မီးလောင်မှု ဖြစ်ပွားတဲ့နေရာအထိ သွားရောက်ဖို့က လမ်းကျဉ်းနေတဲ့အတွက် မီးသတ်ကားတွေ ဝင်ရောက်ဖို့ ခက်ခဲတာကြောင့် အနီးဝန်းကျင်နေ ပြည်သူများရဲ့ ကြိုးစားအားထုတ်မှုနဲ့အတူ မီးသတ်တပ်ဖွဲ့တို့ စုပေါင်းပြီး နည်းလမ်းရှာဖွေကာ ငြှိမ်းသတ်ခဲ့ကြတယ်လို့ သိရပါတယ်။
တာချီလိတ်မြို့မှာ အခုကာလအတွင်း တောမီးလောင်မှုတွေ မကြာခဏ ဖြစ်ပွားနေပါတယ်။