ကျောက်ဆည် နှင့် စဉ့်ကိုင်အကြား ပေါ်တော်မူဘုရားအနီး အာဏာသိမ်းစစ်အုပ်စု၏ ဆီဘောက်ဆာယာဉ်တန်းကို မိုင်းဆွဲ 

 

မန္တလေးတိုင်း ကျောက်ဆည် နှင့် စဉ့်ကိုင်မြို့နယ်ကြား ပေါ်တော်မူဘုရားအနီးတွင် စက်သုံးဆီ တင်ဆောင်လာသည့် အာဏာသိမ်းစစ်အုပ်စု၏ ဆီသယ်ယာဉ် (၁၆)စီးပါ ယာဉ်တန်းကို မိုင်းဆွဲတိုက်ခိုက်ခဲ့ကြောင်း ကျောက်ဆည်ခရိုင်-ပကဖ က သတင်းထုတ်ပြန်ထားသည်။

ယနေ့ ၂၀၂၃ခုနှစ် ဖေဖော်ဝါရီလ(၁၆)ရက်၏ နံနက်၁၁နာရီအချိန်က ရှေ့တန်းအခြေချထောက်ပို့တပ်(မိတ္ထီလာ)မှ မန္တလေးမြို့ရှိ မန်းသံပရာကန်သို့ ဒီဇယ်နှင့်ဓာတ်ဆီ သယ်ဆောင်လာသည့် ဆီသယ်ယာဉ်များကို ပဒေသာမိုင်းဆွဲတိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ထိုဆီသယ်ယာဉ်ကားများအနက် နှစ်စီးမှာ နေရာတွင်ပင် ရပ်တန့်သွားခဲ့သည်ဟု ဆိုသည်။

အဆိုပါ တိုက်ခိုက်မှုကို ကျောက်ဆည်ခရိုင်-ပကဖ(People’s Defense Group)နှင့်၊ မန္တလေးခရိုင်တပ်ရင်း(၅) Myitnge-PDF တို့ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

ကျောက်ဆည်ခရိုင်-ပကဖနှင့်မဟာမိတ်ပူးပေါင်းအဖွဲ့များသည် ပြီးခဲ့သည့် ဖေဖော်ဝါရီလ(၁၃)ရက်နေ့၏ နံနက်ပိုင်းကလည်း ကျောက်ဆည်ခရိုင် တံတားဦးမြို့နယ် အင်းဝမြို့ဟောင်း ဆင်ကျုံးရွာအနီး ဧရာ၀တီမြစ်ဘေးဆိုက်ကပ် ထားသည့်စစ်သင်္ဘောတစ်စီးကို ဒရုန်းဗုံးဖြင့်တိုက်ခိုက်ခဲ့သေးသည်။

#TachileikNewsAgency

ရုပ်သံ - ကျောက်ဆည်ခရိုင်-ပကဖ