စစ်ကိုင်းတိုင်း၊ ဘုတလင်မြို့နယ် ကူတော်ကျေးရွာအား (၉)လကျော် အခိုင်အမာခြေကုတ်ယူကာ တပ်စွဲနေထိုင်နေသော အာဏာသိမ်းစစ်အုပ်စု၏ တပ်သားများကို ၂၀၂၃ခုနှစ် ဖေဖော်ဝါရီလ(၁၃)ရက်နေ့၏ ညနေ(၃)နာရီအချိန်က တာဝေးပစ်လက်နက်ကြီး လက်လုပ်စိန်ပြောင်း ၆၀ မမ၊ ၈၀ မမ၊ ၁၂၀ မမတို့ဖြင့် သွားရောက်တိုက်ခိုက်ခဲ့ကြောင်း Salingyi Border Task Force - SBTFက သတင်းထုတ်ပြန်ထားသည်။
ဒေသကာကွယ်ရေးတပ်ဖွဲ့များ ပစ်ခတ်သော လက်နက်ကြီးများကြောင့် အာဏာသိမ်းစစ်အုပ်စု၏ တပ်သားများ အသေအပျောက်ရှိနိုင်ကြောင်း အနီးကပ် ကင်းထောက်များထံမှ သိရသည်ဟု ထုတ်ပြန်ချက်တွင် ပါရှိသည်။
အာဏာသိမ်းစစ်အုပ်စု၏ တပ်များဘက်မှလည်း လက်နက်ကြီးများဖြင့် ပြန်လည်ပစ်ခတ်ရာ PDF ရဲဘော်များ အနီးသို့ ကျရောက်ခဲ့သော်လည်း ရဲဘော်များ တစ်စုံတရာ ထိခိုက်မှု မရှိဘဲ ပြန်လည် ဆုတ်ခွာနိုင်ခဲ့သည်ဟု ဆိုသည်။
အဆိုပါ တိုက်ခိုက်မှုကို Salingyi Border Task Force - SBTF (ပ.က.ဖ)၊စစ်ကျွန်မခံ မြွေဆိုးတသိုက် - PDF (Yinmarbin)၊ စစ်ကျွန်မခံမြွေဆိုးတသိုက်တပ်ခွဲ ၃ (Yinmarbin)၊ Eagle Defense Force-EDF (Salingyi)၊ Rainbow People Defense Force (Butalin)၊ Monywa Support Team PDF - MST PDF တို့နှင့်အတူ အခြားသော ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက ပူးပေါင်းလုပ်ဆောင်ခဲ့ခြင်းဖြစ်သည်ဟု သိရသည်။
#TachileikNewsAgency
ရုပ်သံ - Salingyi Border Task Force - SBTF