စစ်ကိုင်းတိုင်းဒေသအတွင်း ကျေးရွာများတွင် ပြည်သူအချင်းချင်း သတ်ဖြတ်ရန် ရည်ရွယ်ကာ အာဏာသိမ်း စစ်ကောင်စီတပ်က လက်နက်ပေးပြီး ဖွဲ့စည်းပေးထားသည့် ဒေသအခေါ် ပျူစောထီးဟု ခေါ်သည့် ပြည်သူ့စစ်အဖွဲ့၏ ခေါင်းဆောင်ဖြစ်သူ လူသတ်အားပေး ဘုန်းကြီးဟု နာမည်ဆိုးဖြင့် ကျော်ကြားနေသည့် ကန့်ဘလူ ၅၅၀ ဆရာတော် ဦးဝါသဝအမည်ခံ သင်္ကန်းဝတ် အမျိုးသားအား စစ်ကောင်စီ၏ စစ်ကိုင်းတိုင်း တိုင်းမှူးက Drone ပစ်ချသည့် သေနတ်ပေးထားကြောင်း သိရသည်။
စစ်အာဏာရှင်ကိုတော်လှန်နေသည့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက Drone များကို အသုံးပြုပြီး ကင်းထောက်လှမ်းခြင်း ဗုံးကြဲခြင်းများကို လုပ်ဆောင်နေရာ အာဏာသိမ်းစစ်ကောင်စီက အဆိုပါ Drone များကို ပစ်ခတ်နိုင်ရန်အတွက် ပေးအပ်ထားခြင်း ဖြစ်သည်ဟု သိရသည်။
လူသတ်အားပေး ဘုန်းကြီးဟု နာမည်ဆိုးဖြင့် ကျော်ကြားနေသည့် ကန့်ဘလူ ၅၅၀ ဆရာတော် ဦးဝါသဝအမည်ခံ သင်္ကန်းဝတ် အမျိုးသား စစ်ကိုင်းတိုင်းအတွင်း ကန့်ဘလူမြို့နယ်ရှိ ကျေးရွာများတွင် အခြေပြုကာ ဒေသအခေါ် ပျူစောထီးဟု ခေါ်သည့် ပြည်သူ့စစ်အဖွဲ့များကို တာဝန်ခံ ဖွဲ့စည်းပေးနေသူဖြစ်ပြီး ယခုအခါ စစ်ကိုင်းတိုင်းအတွင်း ကန့်ဘလူ၊ တန့်ဆည် နှင့် ကျွန်းလှတို့ရှိ ကျေးရွာအချို့တွင် စည်းရုံးရေးဆင်းပြီး ပျူစောထီးများ ဖွဲ့ကာ လက်နက်များပေးထားကြောင်း သိရသည်။
၎င်းကို ပြည်သူ့စစ်ဦးဆောင် ဆရာတော်ဟု ခေါ်ဝေါ်ကြပြီး သင်္ကန်းဝတ်ပြီး လက်နက်ကိုင်အဖွဲ့အစည်း ဖွဲ့စည်းခြင်း နှင့် စည်းရုံးနေခြင်းများနှင့် ပတ်သက်ပြီး ဘာသာရေးနှင့် ပတ်သက်၍ ထုတ်ပြန်ချက် အမြဲထုတ်လေ့ရှိသည့် ဗုဒ္ဓဘာသာကလျာဏယုဝအသင်း(YBMA) က နှုတ်ဆိတ်နေသလို နိုင်ငံတော် သံဃမဟာနာယကအဖွဲ့ (မဟန)ကလည်း နှုတ်ဆိတ်နေလေသည်။
ကန့်ဘလူ ၅၅၀ ဆရာတော် ဦးဝါသဝ အမည်ခံ အမျိုးသားသည် ကျေးရွာများအတွင်း ဒေသခံအမျိုးသားများအားလုံး အာဏာသိမ်းစစ်ကောင်စီတပ်၏ လက်အောက်ခံ ပြည်သူ့စစ်(ပျူစောထီး)ထဲသို့ ဝင်ရောက်ရန်အတွက် လုပ်ငန်းကော်မတီ ဥက္ကဌအဖြစ် တာဝန်ယူထားပြီး ၎င်းကိုယ်တိုင် ပြည်သူ့စစ်အဖွဲ့များအတွက် ကျည်ကာအင်္ကျီများကို တစ်ထည်လျှင် ကျပ်(၄၅၀၀၀)နှုန်းဖြင့် အလှူခံနေကြောင်းနှင့် ၎င်းအား ထောက်ခံသူများကလည်း အလှူခံပေးနေကြောင်း သိရသည်။
အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်သည် ဘာသာရေးကို အသုံးချပြီး ဘာသာရေး အသင်းအဖွဲ့များကို အခွင့်အရေးများပေးကာ ပြည်သူများက ၎င်းအား ယုံကြည်မှု ရှိလာရန် အမျိုးမျိုး လုပ်ဆောင်နေရာတွင် ယခုလို ကျေးရွာများအတွင်း ပြည်သူ့စစ်များ ဖွဲ့စည်းရေးလည်း အဓိက ဖြစ်ကြောင်း သိရသည်။
#TachileikNewsAgency