ဟောလိဝုဒ်မင်းသား ရှောင်ပင်းက ယူကရိန်းနိုင်ငံ ကိဗ်မြို့တော်သို့ သွားရောက်ခဲ့စဥ်အတွင်း ယူကရိန်းသမ္မတ ဗိုလိုဒီမြာ ဇီလန်းစကီးကို ၎င်း၏ အော်စကာရုပ်တု ပေးအပ်ခဲ့ပြီး ရုရှားနှင့်စစ်ပွဲတွင် အနိုင်ရချိန်၌ မာလီဘူးမြို့သို့ ပြန်လည်ယူဆောင်လာရန် ပြောခဲ့သည်။
အသက် (၆၂) နှစ်အရွယ် သရုပ်ဆောင်နှင့် ဒါရိုက်တာဖြစ်သူ ရှောင်ပင်းက ဖေဖေါ်ဝါရီလတွင် စစ်ပွဲစတင်ဖြစ်ပွားချိန်မှစပြီး ယူကရိန်းကို အားပေးထောက်ခံခဲ့သူ ဖြစ်သည်။
နိုင်ငံရေးတက်ကြွမှုရှိသူ နာမည်ကြီး ဟောလိဝုဒ်မင်းသား ရှောင်ပင်းက နိုဝင်ဘာလ (၈) ရက် ခရီးစဥ် မတိုင်မီကလည်း ကိဗ်မြို့သို့ ယခုနှစ်အတွင်း (၂) ကြိမ် သွားရောက်ခဲ့သည်။
ယခုတစ်ကြိမ် ကိဗ်မြို့သို့လာရောက်၍ သမ္မတဇီလန်းစကီးနှင့် တွေ့ဆုံချိန်တွင်မူ ရှောင်ပင်းက ကျောပိုးအိတ်ထဲမှ ၎င်း၏ အော်စကာ ရွှေစင်ရုပ်တုကို ထုတ်ယူလိုက်ပြီး ယူကရိန်းသမ္မတကို ပေးအပ်ခဲ့သည်ကို ဗီဒီယိုတွင် တွေ့ရသည်။
သမ္မတဇီလန်းစကီးကလည်း ရှောင်ပင်းကို ၎င်း၏ အားပေးထောက်ခံမှုနှင့် ကမ္ဘာတွင် ယူကရိန်းကို လူသိများစေရန် အရေးပါသည့် ပံ့ပိုးကူညီမှုတို့အတွက် ယူကရိန်းနိုင်ငံ၏ Order of Merit ဂုဏ်ထူးဆောင်ဆု ပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရသည်။
ရှောင်ပင်းက ၂၀၀၃ ခုနှစ်တွင် ရုံတင်ပြသခဲ့သည့် Mystic River ဇာတ်ကားနှင့် ၂၀၀၈ ခုနှစ်က Milk ဇာတ်ကားတို့ဖြင့် အကောင်းဆုံး သရုပ်ဆောင်မင်းသားဆုကို ရရှိခဲ့သည်။
ရုရှားနိုင်ငံခြားရေးဝန်ကြီးဌာနက ရှောင်ပင်းကို နောက်ထပ် နာမည်ကြီး ဟောလိဝုဒ်မင်းသား ဘင်စတယ်လာနှင့်အတူ ပြည်ဝင်ခွင့်ပိတ်ပင်သည့် အမေရိကန်နိုင်ငံသားများစာရင်းတွင် စက်တင်ဘာလအတွင်း ထည့်သွင်းခဲ့ကြောင်း သိရသည်။
မင်းသားဘင်စတယ်လာကလည်း ဇွန်လအတွင်း ကိဗ်မြို့တော်သို့လာရောက်ပြီး သမ္မတဇီလန်းစကီးနှင့် တွေ့ဆုံအားပေးခဲ့သည်။
ရှောင်ပင်းက ယူကရိန်းစစ်ပွဲနှင့် ပတ်သက်၍ ရုရှားကို အလွန်အကျွံ ဝေဖန်ပြောဆိုမှုကြောင့် ပြည်ဝင်ခွင့်ပိတ်ပင်ခံရခြင်းလည်း ဖြစ်သည်။
ဒါရိုက်တာလည်းဖြစ်သူ ရှောင်ပင်းက ရုရှားကျူးကျော်မှု စတင်ချိန်၌ ယူကရိန်းတွင် မှတ်တမ်းရုပ်ရှင်ရိုက်ကူးနေခဲ့ပြီး အခြား ယူကရိန်းဒုက္ခသည်များကဲ့သို့ပင် ပိုလန်နိုင်ငံအတွင်းသို့ နယ်စပ်ဖြတ်ကျော် ထွက်ပြေးခဲ့ရသည်။
Source: Daily Mail, BBC
Video: Володимир Зеленський (Facebook )