သမ္မတ ရှီကျင့်ဖျင် ဘေးတွင် ထိုင်နေသည့် သမ္မတဟောင်း ဟူဂျင်တောင်ကို တရုတ်ကွန်မြူနစ်ပါတီညီလာခံ ပိတ်ပွဲအခမ်းအနားကနေ ခေါ်ထုတ်သွား

By Mr John

 တရုတ်သမ္မတဟောင်း ဟူခဂျင်တောင် (Hu Jintao) ကို အောက်တိုဘာလ (၂၂) ရက်တွင် ကျင်းပပြုလုပ်သည့် ကွန်မြူနစ်ပါတီညီလာခံ ပိတ်ပွဲအခမ်းအနားကနေ ခေါ်ဆောင်သွားခဲ့သည့် ဖြစ်ရပ်မှာ လူအများ စိတ်ဝင်စားစရာနှင့် ပဟေဠိတစ်ခု ဖြစ်နေသည်။ 

သမ္မတ ရှီကျင့်ဖျင် ဘေးတွင် ထိုင်နေပြီး အားနည်းနေပုံရသည့် အသက် (၇၉) နှစ်အရွယ် သမ္မတဟောင်းဟူဂျင်တောင်ကို တာဝန်ရှိသူများက လာရောက်ခေါ်ဆောင်သွားခဲ့ခြင်း ဖြစ်သည်။ 

မည်သည့်အတွက်ကြောင့် ထိုသို့ခေါ်ဆောင်သွားခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားမှုမရှိဟု ဆိုသည်။

အောက်တိုဘာလ (၁၆) ရက်မှ (၂၂) ရက်အထိ ဘေဂျင်းမြို့ရှိ Great Hall of the People ခန်းမတွင် တစ်ပတ်ကြာ ကျင်းပပြုလုပ်ခဲ့သည့် တရုတ်ကွန်မြူနစ်ပါတီညီလာခံက အသက် (၆၉) နှစ်အရွယ် ရှီကျင့်ဖျင်ကို သမိုင်းတွင်သည့် တတိယမြောက် သမ္မတသက်တမ်းကို အတည်ပြုခြင်းဖြင့် ပြီးဆုံးခဲ့သည်။ 

သမ္မတသက်တမ်း ကန့်သတ်ချက်ကို ပယ်ဖျက်ပြီး တရုတ်သမ္မတရှီကျင့်ဖျင်ကို သမ္မတအဖြစ် တတိယသက်တမ်း ဆက်လက် တာဝန်ယူခွင့်ပြုခဲ့ရာ အကယ်၍ ၎င်းဆန္ဒရှိပါက တစ်သက်တာ သမ္မတလုပ်ခွင့်ရရှိသွားစေမည်ဟု ဆိုသည်။

(၅) နှစ်တစ်ကြိမ် ကျင်းပပြုလုပ်သည့် ကွန်မြူနစ်ပါတီညီလာခံက သမ္မတရှီကျင့်ဖျင်ကို မော်စီတုန်းနောက်ပိုင်း တရုတ်နိုင်ငံ၏ ဩဇာအရှိဆုံး ခေါင်းဆောင်တစ်ဦးအဖြစ် ၎င်း၏ ရာထူးနေရာ တည်မြဲခိုင်မာစေခဲ့သည်။ 

ညီလာခံပိတ်ပွဲအခမ်းအနားကနေ တာဝန်ရှိသူများ လာရောက်ခေါ်ဆောင်သွားသည့် ဟူဂျင်တောင်က ၂၀၀၃ ခုနှစ်မှ ၂၀၁၂ ခုနှစ်အထိ တရုတ်သမ္မတဖြစ်ခဲ့သူ ဖြစ်သည်။ 

၎င်းက ရှီကျင့်ဖျင်ကို တစ်စုံတစ်ရာ ပြောခဲ့သည်ကို တွေ့ရပြီး ရှီကျင့်ဖျင်က ခေါင်းညိတ်ပြခဲ့သည်ဟုလည်း ဆိုသည်။

ထို့နောက် ဟူဂျင်တောင်ကို Great Hall of the People ခန်းမထဲကနေ ခေါ်ထုတ်သွားခဲ့ကြောင်း သိရသည်။ 

ဟူဂျင်တောင်ကို ကွန်မြူနစ်ပါတီညီလာခံ ပိတ်ပွဲအခမ်းအနားကနေ ထွက်ခွာရန် ပြောနေသည့် မှတ်တမ်းဗီဒီယိုကို ကမ္ဘာတဝန်း၏ အာရုံစိုက်မှုရှိခဲ့ပြီး လူအများက ဘာဖြစ်ခဲ့သည်ကို သိရှိနိုင်ရန် ကြိုးပမ်းကြကြောင်း BBC ၏ တရုတ်နိုင်ငံဆိုင်ရာ သတင်းထောက် Stephen McDonell က ပြောသည်။

ဟူဂျင်တောင်ဖြစ်ရပ်နှင့် ပတ်သက်၍ မေးခွန်းများစွာရှိနေသော်လည်း တရုတ်အစိုးရထံမှ ဖြေကြားမှုမရှိသေးဟုလည်း ၎င်းကဆိုသည်။ 

အောက်တိုဘာလ (၂၂) ရက် အစောပိုင်းတွင် အကြီးတန်း ပါတီတာဝန်ရှိသူ (၂၀၅) ဦး ပါဝင်သည့် တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီကို ရွေးချယ်ခဲ့ကြောင်း သိရသည်။ 

ကွန်မြူနစ်ပါတီညီလာခံကို တက်ရောက်လာသည့် ကိုယ်စားလှယ်များမှာ သမ္မတရှီကျင့်ဖျင်၏ စိတ်ကူးများကို တရုတ်နိုင်ငံ၏ အနာဂတ်အတွက် လမ်းညွှန်မူဝါဒများအဖြစ် အတည်ပြုပေးသည့် ပါတီဖွဲ့စည်းပုံ ပြင်ဆင်ချက်များကို ထောက်ခံပေးရုံသာ ဖြစ်သည်။

Source: BBC

Video: REUTERS