ရန်ကုန်အရှေ့ပိုင်းခရိုင်အတွင်း သင်္ကန်းကျွန်းမြို့နယ်ရှိ မြို့နယ်လဝကဦးစီးမှူးရုံးအတွင်း ၂၀၂၂ခုနှစ် ဩဂုတ်လ(၁၂)ရက်နေ့ ညနေပိုင်းက သေနတ်ဖြင့် ဝင်ပစ်ခတ်ခံရမှု ဖြစ်ပွားခဲ့သည်။
အဆိုပါ ဖြစ်စဉ်တွင် လက်ထောက်လူဝင်မှုကြီးကြပ်ရေးမှူးမှာ ကျည်(၂)ချက်ထိမှန်ကာ သေဆုံးပြီး မြို့နယ်လဝကမှူး ဒဏ်ရာရသည်ဟု ကြားသိရသော်လည်း Tachileik News Agency အနေဖြင့် ထိခိုက် သေဆုံးမှု အခြေအနေကိုတော့ အတည်မပြုနိုင်သေးပေ။
အဆိုပါ ဖြစ်စဉ်၏ CCTV မှတ်တမ်း လူမှုကွန်ရက်များတွင် ပေါ်ထွက်လာပြီး CCTV မှတ်တမ်းကို ကြည့်ရှု့သည့် ပြည်သူများက အခုလို ဝင်ရောက် ပစ်ခတ်သည့် "လူငယ်များ ဘေးကင်းပါစေ"ဟု ဆုတောင်း မှတ်ချက်ပြုထားကြသည်ကို တွေ့ရသည်။
မြန်မာနိုင်ငံကို အာဏာသိမ်းစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် အာဏာသိမ်းလိုက်ပြီးနောက်ပိုင်း ပြည်သူအတွက်ဟု အကြောင်းပြကာ စစ်ကောင်စီ၏ ယန္တယားလည်ပတ်နိုင်ရန် အလုပ်အကြွေးပြုနေသည့် ဌာနများထဲက လဝက ရုံးများလည်း စစ်တပ်နှင့်ရဲစခန်းပြီးလျှင် တတိယအဆင့် ပစ်မှတ်အဖြစ် သတ်မှတ်ခံထားရပြီး ဗုံးပေါက်ခွဲမှုများ နှင့် ယခုလို ပစ်ခတ်မှုများ ဖြစ်ပွားလေ့ရှိသည်။
Video: CJ