ဖရူဆိုမှ ဘောလခဲမြို့နယ်အတွင်း စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်၏ ယာဉ်တန်းကို ကရင်နီပူးပေါင်းအဖွဲ့က ကြားဖြတ်တိုက်ခိုက်

ကရင်နီ(ကယား)ပြည်နယ်၊ ဖရူဆိုမြို့နယ်အတွင်း ဘောလခဲမြို့နယ် နန်းဖဲကျေးရွာဘက်သို့ စစ်ကြောင်းထိုးလာသည့် အာဏာသိမ်းစစ်ကောင်စီတပ်၏ ယာဥ်တန်းကို မေလ(၄)ရက်နေ့က မိုင်းဆွဲတိုက်ခိုက်ရာ ကား(၂)စီးပျက်စီးပြီး စစ်အသုံးပစ္စည်းများ သိမ်းဆည်းရရှိခဲ့ကြောင်း KNDF က ယနေ့ မေလ(၆)ရက်နေ့တွင် ထုတ်ပြန်လာသည်။

 စစ်ကြောင်းထိုးလာသည့် အဆိုပါယာဉ်တန်းကို ကရင်နီတပ်မတော် (KA) နှင့် ကရင်နီအမျိုးသားများကာကွယ်ရေးတပ်ဖွဲ့(KNDF)တို့ ပူးပေါင်းကာ ကြားဖြတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး စစ်ကောင်စီတပ်သား အများအပြားသေနိုင်သည်ဟု ထုတ်ပြန်ထားသည်။

 ထို့နောက် စစ်ကောင်စီတပ်များ ဆုတ်ခွာပြီးနောက် KNDF မှ နယ်မြေရှင်းလင်းရေး ပြုလုပ်ခဲ့ရာ အကြမ်းဖက်စစ်ကာင်စီတပ်၏ ကျည်အချိုနှင့်၊ စစ်အသုံးအဆောင်ပစ္စည်းအချို့ကို သိမ်းဆည်းရရှိ ကြောင်းသိရသည်။ 

ယင်းနေ့တွင်ပင် ဖရူဆိုမြို့နယ်၊ အမှတ် (၁၄) စစ်လေ့ကျင့်ရေးကျောင်းဖက်မှ  ထားလဲကျေးရွာဘက်သို ရိက္ခာနှင့်ခဲယမ်းပို့ရန် စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီယာဥ်တန်းကို ကရင်နီပူးပေါင်းတပ်ဖွဲ့မှ လောကျေခူရွာအနီးတွင် ကြားဖြတ်တိုက်ခိုက်ခဲ့သေးသည်။

နှစ်ဖက်ပစ်ခတ်မှု တစ်နာရီနီးပါးဖြစ်ပွားခဲ့ပြီး၊ လောကျောခူရွာအနီး တိုက်ပွဲမှာ အကြမ်းဖက်စစ်ကောင်စီတပ်ဘက်မှ (၃) ဦးသေဆုံးကာ ထိခိုက်ဒဏ်ရာရမှုများရှိခဲ့ကြောင်း သိရသည်။

 

 

Video: KNDF