ကလေးမြို့နယ်တောင်ပိုင်းဒေသအတွင်း (၂)ရက်တာ တိုက်ပွဲတွင် စစ်ကောင်စီတပ်သား (၅)ဦး သေဆုံး

 စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်တောင်ပိုင်း၊ ရှားဖိုကျေးရွာတွင် အာဏာသိမ်းစစ်ကောင်စီတပ်နှင့် ဒေသကာကွယ်ရေးတပ်တို့ နှစ်ရက်ကြာတိုက်ပွဲဖြစ်ပြီး စစ်ကောင်စီတပ်သား (၅)ဦးသေကာ သေနတ်(၄) လက် သိမ်းဆည်းရရှိခဲ့ကြောင်း CDF (KKG)က  မေလ(၃)ရက်နေ့တွင် သတင်းထုတ်ပြန်ထားသည်၊

အင်အား ရာဂဏန်းရှိ စစ်ကောင်စီနှင့် ပျူစောထီးအဖွဲ့များသည် မေလ(၂)ရက်နေ့ နံနက်ပိုင်းမှ စတင်ကာ ရှားဖိုရွာသို့ ခြေလျင်စစ်ကြောင်းထိုးလာသဖြင့် Chinland Defense Force, Kalay-Kabaw-Gangaw၊ People's Defence Force - Kalay ၊ CNDF ၊ RKDF ၊ ပကဖတပ်တို့နှင့် မေလ(၃)ရက်အထိ နှစ်ရက်ကြာ တိုက်ပွဲဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် မေလ (၂) ရက်နေ့က ရှားဖိုရွာကို လက်နက်ကြီးများဖြင့် ပစ်ခတ်ပြီး ရွာ၏တောင်ဖက်၊ အနောက်ဖက် နှင့် မြောက်ဖက်တို့မှ စစ်ကြောင်း (၃)ကြောင်းခွဲ၍ ထိုးစစ်ဆင်လာကြရာမှ တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း သိရသည်။

တိုက်ပွဲတွင် စစ်ကောင်စီမှ အကျအဆုံးများ လာသဖြင့် ဗုံးသီးတပ်ဆင်ထားသည့် ဒရုန်းဖြင့်တိုက်ခိုက်လာရာ အဆိုပါ ဒရုန်းကို ပူးပေါင်း တပ်ဖွဲ့မှ ပစ်ချနိုင်ခဲ့ကြောင်း သိရသည်။ 

ထို့နောက် ညနေပိုင်းတွင် ကလေးမြို့မှ တိုက်ခိုက်ရေး ရဟတ်ယာဥ်နှစ်စင်းဖြင့် နှစ်ကြိမ်တိုင်တိုင် ဗုံးကြဲတိုက်ခိုက်လာသဖြင့် ပူးပေါင်းတပ်ဖွဲများ အထိအခိုက်မရှိ ဆုတ်ခွါခဲ့ရကြောင်း သိရသည်။ 

ပူးပေါင်းတပ်များ ဆုတ်ခွါခဲ့ရပြီးနောက် စစ်ကောင်စီနှင့် ပျူစောထီးများသည် ရှားဖိုရွာအတွင်းသို့ ဝင်ရောက်ကာ လူနေအိမ်များကို မီးရှို့ဖျက်ဆီးခဲ့ကြကြောင်း သိရသည်။

ဖော်ပြပါ ဗီဒီယိုမှတ်တမ်းသည် People's Defence Force - Kalay တပ်ဖွဲ့ဝင်များ၏ တိုက်ပွဲ မှတ်တမ်းဗီဒီယို ဖြစ်သည်။

PDF (Kalay) ၏ ပြည်သူ့ ခုခံတွန်းလှန်စစ် ဆက်လက်အရှိန်အဟုန်မြှင့်တင်နိုင်ရန်အတွက် ပြည်သူများ၏ ကူညီပံ့ပိုးမှုများ "အရေးပေါ်" လိုအပ်လျက်ရှိသည့်အတွက်  ထောက်ပံ့လှူဒါန်းလိုပါက အောက်ပါ https://www.facebook.com/110897057856687/posts/297720565841001/ ကနေ ဆက်သွယ်နိုင်ကြောင်းလည်း အသိပေး‌ မေတ္တာရပ်ခံထားရှိသည်။

#TachileikNewsAgency

Video: PDF - Kalay