စစ်ကောင်စီတပ်အထိုင်ချထားသည့် ပခန်းငယ်ရဲကင်းစခန်းကို ဒေသကာကွယ်ရေးစစ်သည်တော်များ ပူးပေါင်း တိုက်ခိုက်

 မကွေးတိုင်း၊ ရေစကြိုမြို့နယ်အတွင် စစ်ကောင်စီတပ်အထိုင်ချထားသည့် ပခန်းငယ်ရဲကင်းစခန်းကို ဧပြီလ(၂၈) ရက်နေ့က တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သား အများအပြားသေကြောင်း Phoenix - အထူးပျောက်ကျားတပ်ဖွဲ့က ယနေ့ ဧပြီလ (၂၉)ရက်တွင် သတင်းထုတ်ပြန်သည်။

အဆိုပါ ရဲကင်းစခန်းတွင် စစ်ကောင်စီတပ်သား၊ ရဲနှင့် ပျူစောထီးအင် အား(၄၀)ဝန်းကျင် အထိုင်ချကာ ဘန်ကာနှင့် ဆက်သွယ်ရေးတူး မြောင်းများ အခိုင်အမာပြုလုပ်၍ စက်လက်၊ စနိုက်ပါပစ်စင်နှင့် စခန်းအခြေတွင် မြေမြှုပ်နင်းမိုင်းများဖြင့် ပြုလုပ်ထားကြောင်း သိရသည်။

ထိုကြောင့် တော်လှန်ရေးမဟာမိတ်အဖွဲ့များမှ RPG(၂)လုံး၊ (၄၀) မမ (၇)လုံး၊ စက်လက်လက်နက်ငယ် အများအပြားဖြင့် ပစ်ခတ်ပြီး ချည်းကပ် တိုက်ခိုက်ခဲ့သော်လည်း စစ်ကောင်စီဘက်က စစ်ကူကား (၃) စီးနှင့် တပ်ကူများ ရောက်လာသည့်အတွက် တပ်ပြန်ဆုတ်လာခဲ့ရကြောင်း သိရသည်။

အဆိုပါ စခန်းသိမ်းတိုက်ပွဲ ဖော်ဆောင်ရာတွင် ဒေသကာကွယ်ရေးစစ်သည်တော် ပူးပေါင်းမဟာမိတ်အဖွဲများအဖြစ် Phoenix အထူးပြောက်ကျားတပ်ဖွဲ့၊ 27 Revolution Force၊ မြင်းခြံခရိုင် တပ်ရင်းအမှတ် ( ၃ )၊ MSPDF၊ 11 Brothers Revolution Force၊ မြောင်မြို့နယ်ကျေးရွာတပ်ပေါင်းစု၊ သိန်းငှက်ပြောက်ကျားတပ်ဖွဲ့၊ Thwaythauk Revolution Force၊ ဒေါင်းညီနောင်အဖွဲ့  စသည့်တပ်ဖွဲ့များမှ ပူးပေါင်းစစ်ဆင်ခဲ့ပြီး ပြည်သူ့ရဲဘော်များ အထိအခိုက်မရှိ ပြန်လည် ဆုတ်ခွါနိုင်ခဲ့ကြောင်း သိရသည်။

ပခန်းငယ်ရဲကင်းစခန်းကို ၂၀၂၁ခုနှစ် နိုဝင်ဘာလ(၁၃)ရက်နေ့ နေ့လည်ပိုင်းကလည်း ဒေသကာကွယ်ရေးတပ်ဖွဲ့များက ဝင်ရောက်စီးနင်းတိုက်ခိုက်မှုများ ပြုလုပ်ခံထားရသည့် ဖြစ်စဉ်များရှိခဲ့သည့်အတွက် စစ်ကောင်စီတပ်က လာရောက် အထိုင်ချထားခြင်း ဖြစ်သည်ဟုလည်း သိရသည်။ 

#TachileikNewsAgency

Photo: Phoenix-အထူးပြောက်ကျားတပ်ဖွဲ့