စစ်မှန်သည့် ပြည်ထောင်စုတည်ဆောက်ရန် အခွင့်အလမ်းကောင်းရှိနေပြီဟု KIO ဒုဥက္ကဌ တိုက်တွန်းပြောကြား

အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က ကျင်းပသည့် ပင်လုံစာချုပ်ချုပ်ဆိုခြင်း (၇၅)နှစ်မြောက် ပြည်ထောင်စုနေ့ပွဲ အခမ်းအနားသို့ KIO ဒုဥက္ကဌလည်းဖြစ် KIA စစ်ဦးစီးချုပ်​လည်းဖြစ်သူ ဗိုလ်ချုပ်ကြီး ဂမ်ရှောင်က ပေးပို့သည့် မိန့်ခွန်းတွင် ယခုကာလသည် စစ်မှန်သည့် ပြည်ထောင်စုတည်ဆောက်ရန် အခွင့်အလမ်းကောင်းရှိနေပြီဟု တိုက်တွန်းပြောကြားသွားသည်။

၂၀၂၁ ဖေဖေါ်ဝါရီ စစ်အာဏာသိမ်းမှုအပြီး နိုင်ငံရေးအခင်းအကျင်းဟာ သမိုင်းတစ်ပတ်လည်ကာ စစ်မှန်တဲ့ ပြည်ထောင်စု တည်ဆောက်ရေးအတွက် အခွင့်အလမ်းကောင်းတစ်ရပ်ဖြစ်တယ််လို့ မှတ်ယူနိုင်ပါတယ်

ဟု KIO ဒုဥက္ကဌလည်းဖြစ် KIA စစ်ဦးစီးချုပ်​လည်းဖြစ်သူ ဗိုလ်ချုပ်ကြီး ဂမ်ရှောင်က မိန့်ခွန်းတွင် ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။

ယနေ့တွင် အာဏာသိမ်းစစ်ကောင်စီက ဘတ်ဂျက်များစွာသုံးစွဲ၍ ပြည်ထောင်စုနေ့အခမ်းအနားကို ကျင်းပနေချိန်တွင် NUG ကပြုလုပ်သည့် ပင်လုံစာချုပ်ချုပ်ဆိုခြင်း ၇၅ နှစ်မြောက် ပြည်ထောင်စုနေ့ပွဲကို အွန်လိုင်းမှကျင်းပရာ နိုင်ငံပေါင်း (၂၄)နိုင်ငံမှ ကိုယ်စားလှယ်များ၊ တိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေးအဖွဲ့အစည်းများလည်း တက်ရောက်ကြသည်ကို တွေ့ရသည်။