အာဏာသိမ်း စစ်ကောင်စီတပ်က ဖမ်းခေါ်သွားသည့် အမျိုးသား (၆)ဦးကို မီးရှို့ သတ်ဖြတ်

အာဏာသိမ်း စစ်ကောင်စီတပ်က ဝက်လက်မြို့နယ် သစ်စိမ့်ကြီးကျေးရွာမှ ဖမ်းခေါ်သွားသည့် အမျိုးသား (၆)ဦးကို မီးရှို့ သတ်ဖြတ်

 

စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်၊ သစ်စိမ့်ကြီးကျေးရွာတွင်  အာဏာသိမ်းစစ်ကောင်စီတပ်က ၂၀၂၂ ခုနှစ်၊ ဇန်နဝါရီလ (၂၉) ရက်နေ့ နံနက်ပိုင်းတွင် ဖမ်းခေါ်သွားသည့် အရပ်သားအမျိုးသား (၆) ဦးအား လက်ပြန်ကြိုးတုပ်၍ မီးရှို့သတ်ထားခဲ့သည်ကို ဖေဖေါ်ဝါရီလ (၃) ရက်နေ့၌ ကျေးရွာဒေသခံများက တွေ့ကြရကြောင်း သိရသည်။

သစ်ဆိမ့်ကြီးကျေးရွာကို ဇန်နဝါရီလ (၂၉) ရက်နေ့ နံနက်အစောပိုင်း (၁)နာရီတွင် အာဏာသိမ်းစစ်ကောင်စီတပ်မှ အင်အား (၄၀)ဝန်းကျင်သည် လက်နက်ကြီးများဖြင့် ပစ်ခတ်ကာ စစ်ကြောင်းထိုးလာသည့်အတွက် ဒေသခံများ ထွက်ပြေးတိမ်းရှောင်ခဲ့ကြရခြင်းဖြစ်ကြောင်း သိရသည်။

ယင်းသို့ ထွက်ပြေးတိမ်းရှောင်သူများမှ ကိုသူရထွန်း၊ ကိုသဲထွန်းမောင်၊ ကိုမြင့်အောင်၊ ကိုမင်းမင်းထွန်း၊ ဦးဇော်မင်းထွန်းနှင့် ဦးကိုကိုလင်းမောင်တို့ (၆)ဦးမှာ အာဏာသိမ်းစစ်ကောင်စီတပ်က လူသားဒိုင်းအဖြစ် လက်ပြန်ကြိုးတုပ်၍ ဖမ်းခေါ်ခံကြရခြင်းဖြစ်ကြောင်း သိရသည်။

ယင်းနောက် အာဏာသိမ်းစစ်ကောင်စီတပ်သည် ကျေးရွာတွင်း တပ်စွဲနေရာမှ ဖေဖေါ်ဝါရီလ (၃) ရက်နေ့တွင် ပြန်ထွက်သွားသဖြင့် ဒေသခံများက ကျေးရွာတွင်း ပြန်ဝင်လာရာ နေအိမ်များမှ အဖိုးတန်ပစ္စည်းများကို ယူဆောင်သွားကြပြီး ပစ္စည်းများ ဖျက်ဆီးထားခဲ့ကြသည့်အပြင် ဖမ်းခံထားရသည့် အရပ်သား (၆) ဦးကို မီးရှို့သတ်ဖြတ်ထားခဲ့သည်ကို တွေ့ကြရခြင်းဖြစ်ကြောင်း သိရသည်။

အာဏာသိမ်းစစ်ကောင်စီတပ်သည် ၎င်းတို့ဖမ်းဆီးသွားသည့် အရပ်သားဖြစ်စေ၊ တိုက်ပွဲတွင်း ဖမ်းမိသူများကိုဖြစ်စေ ရက်စက်စွာ သတ်ပစ်ထားခဲ့လေ့ရှိသည်ကို တွေ့နေရပြီး စစ်အာဏာရှင်တော်လှန်ရေးအဖွဲ့များနှင့် တိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေးအဖွဲ့များက ဖမ်းဆီးရမိသည့် အာဏာသိမ်းစစ်ကောင်စီတပ်သားများကို ကျင့်ဝတ်အညီ ထိန်းသိမ်းခြင်းကို လုပ်ဆောင်လေ့ရှိသည်ကို တွေ့နေရသည်။

အရင်ကတည်းက စစ်တပ်က ရှေ့တန်းထွက်ရင် ဖမ်းမိတဲ့သူပါလာရင် ဝန်ထုပ်ဝန်ပိုးဖြစ်လို့ ဖမ်းခေါ်မလာဖို့ကို မှာထားတာ။ လူတစ်ယောက်ဖမ်းလာရင် စစ်ကြောင်းသွားရင်း အဲဒီလူကိုထိန်းသိမ်းရမယ့်ဝန်ထုပ်ဝန်ပိုးရှိတော့ အရှင်အဖမ်းမခိုင်းဘူး။ အရင်က တိုင်းရင်းသားတပ်တွေနဲ့တိုက်ရင် သူတို့ဘက်က ကိုယ့်လူဖမ်းသွားရင် အရှင်ပြန်ရတယ်။ ကိုယ့်ဘက်က သူတို့လူဖမ်းမိရင် တစ်ယောက်မှ အရှင်မထားဘူး။ သတ်ပြီး မြေမြှုပ်လိုက်ကြတာများတယ်။

ဟု အငြိမ်းစား တပ်အရာရှိတစ်ဦးက Tachileik News Agency သို့ ပြောသည်။

အာဏာသိမ်းစစ်ကောင်စီတပ်အနေဖြင့် အရပ်သားပြည်သူများအပေါ် လူမဆန်စွာသတ်ဖြတ်သည့် လုပ်ရပ်များအပေါ် ဝက်လက် PDF တပ်ရင်း (၂) က ပြင်းပြင်းထန်ထန်ရှုတ်ချထားသည်။

အာဏာသိမ်းစစ်ကောင်စီတပ်က ဇန်နဝါရီလ(၃၁)ရက်နေ့ကလည်း သစ်ဆိမ့်ကြီးကျေးရွာမှ အမျိုးသမီး (၄)ဦးကို ဖမ်းခေါ်သွားရာ ယခုထိ အဆက်အသွယ်မရသေးကြောင်း သိရသည်။