ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်တွင် ဆီဘောက်ဆာယာဉ် (၂) စီး ယနေ့ ၂၀၂၂ ခုနှစ်၊ ဇန်နဝါရီလ (၇) ရက်နေ့ ညပိုင်းက ပစ်ခတ်ခံရပြီး (၁)စီး မီးလောင်သွားကြောင်း သိရသည်။
မြဝတီမှတစ်ဆင့် အာရှဟိုင်းဝေးလမ်းကြီးအတိုင်း အာဏာသိမ်းစစ်ကောင်စီအတွက် လေယာဉ်ဆီများ တင်ဆောင်မောင်းနှင်လာသည့် ယာဉ်(၂)စီး ဖြစ်ပြီး ကော့ကရိတ်မြို့ အမှတ် (၁)ချောင်းတောင်ရပ်ကွက်ရှိ ကျိုက်ဒုံလမ်းဆုံအနီးတွင် ပစ်ခတ်ခံရခြင်းဖြစ်ကြောင်း သိရသည်။
ဆီဘောက်ဆာများ ပစ်ခတ်ခံရပြီးနောက် အာဏာသိမ်းအကြမ်းဖက်စစ်ကောင်စီတပ် ခမရ (၉၇)အမြောက်တပ်(နေပူခံကုန်း)မှ လက်နက်ကြီးများဖြင့် အချက်ပေါင်း (၃၀)နီးပါး ရမ်းသမ်းပစ်ခတ်ခဲ့ကြောင်း သိရသည်။
အဆိုပါယာဉ်များကို မည်သည့်အဖွဲမှ တိုက်ခိုက်ခဲ့သည်ကို Tachileik News Agency အနေဖြင့် အတည်ပြုနိုင်ခြင်းမရှိဘဲ ဒေသတွင်း သတင်းဌာနအချို့က KNLA က ပစ်ခတ်ခြင်းဖြစ်သည်ဟု ရေးသားထားသည်ကို တွေ့ရသည်။
တိုက်ပွဲများ ဖြစ်ပွားနေသည့် အတွက် မြဝတီ- ကော့ကရိတ်လမ်းပိုင်းတွင် ည (၆)နာရီနောက်ပိုင်း အသုံးမပြုရန် KNU က သတိပေးချက်ထုတ်ပြန်ထားသည်။
အဆိုပါ လမ်းပိုင်းတွင် ဇန်နဝါရီလ (၃)ရက်နေ့ကလည်း အောက်စီဂျင်သယ်မော်တော်ယာဉ်စာတန်းကပ်ထားပြီး လေယာဉ်ဆီသယ်လာသည်ဟုဆိုသည့် မော်တော်ယာဉ် (၁) စီးပစ်ခတ်ခံခဲ့ရသည်။