လည်ငေါက်ရွာ - ယင်းမာပင်အကြား ဆရာစံ PDF က စစ်ယာဉ်တန်းကို မိုင်း(၈၆)လုံးနဲ့  ဖောက်ခွဲ တိုက်ခိုက်

စစ်ကိုင်းတိုင်း၊ ယင်းမာပင်ခရိုင်အတွင်း၊ လည်ငေါက်ရွာကနေ ယင်းမာပင်မြို့ဘက်သွားတဲ့ လမ်းကြောမှာ ထွက်ခွာလာတဲ့ အာဏာသိမ်းအကြမ်းဖက် စစ်တပ်ရဲ့ ယာဉ်တန်းကို  ဒီနေ့ ၂၀၂၂ ဇန်နဝါရီလ(၅)ရက်နေ့မှာ မိုင်း(၈၆)လုံးနဲ့ တိုက်ခိုက်တဲ့အခါမှာ အာဏာသိမ်းစစ်တပ်ဘက်က အများအပြားသေဆုံးမှုရှိတယ်လို့ ဒေသကာကွယ်ရေးအဖွဲ့ဖြစ်တဲ့ ဆရာစံ PDF (YMB PDF -4 )က သတင်းထုတ်ပြန်ထားပါတယ်။

  ဆရာစံ PDF တပ်ဖွဲ့ရဲ့ ပြောက်ကျားစနစ်နဲ့ မိုင်းခွဲတိုက်ခိုက်တဲ့ ဒဏ်ကြောင့် အာဏာသိမ်းစစ်တပ်ရဲ့ ယာဉ်(၄)စီး ထိခိုက်ပျက်ဆီးခဲ့ရာမှာ မော်တော်ယာဉ် (၂)စီးကတော့ လုံးဝ သုံးမရအောင် ပျက်ဆီးသွားတယ်လို့ သိရပါတယ်။

အဲ့လို မော်တော်ယာဉ်ပျက်ဆီးတဲ့အပြင် သေဆုံးသူလည်း များပြားတဲ့အတွက် လည်ငေါက် နဲ့ ယင်းမာပင် လမ်းကြောပေါ်မှာ သောင်တင်နေတယ်လို့ သိရပါတယ်။