ဆယ်ကျော်သက် လူငယ်နှစ်ဦးအား  ညှင်းပန်းနှိပ်စက်ထားပြီး သံကြိုးဖြင့် တုပ်နှောင်ကာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များဖြစ်ကြောင်း အော်ဟစ်ခိုင်း

ဆယ်ကျော်သက် လူငယ်နှစ်ဦးအား သံကြိုးဖြင့်တုပ်၍ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များဖြစ်ကြောင်း အော်ဟစ်ခိုင်း၍ ညှင်းပန်းနှိပ်စက်နေသည့် ဗီဒီယိုဖိုင်တစ်ခု ၂၀၂၂ ခုနှစ် ဇန်နဝါရီလ (၄) ရက်နေ့ လွတ်လပ်ရေးနေ့တွင် အာဏာသိမ်းအဖွဲ့အား ထောက်ခံဝါဒဖြန့်နေသည့် လူမှုကွန်ယက်စာမျက်နှာများတွင် ဖြန့်ဝေနေသည်ကို တွေ့ရသည်။

အဆိုပါ လူငယ်နှစ်ဦးမှာ အသက် (၁၉) နှစ်အရွယ်များဖြစ်ကြပြီး တန့်ဆည်မြို့နယ် ကြောင်ဆင်းအိုင်ကျေးရွာအုပ်စု၊ တောင်ဗဟိုဗိုလ်တဲစုမှ မောင်မင်းခန့်ဇော် (ခ) မင်းခန့်နှင့် ဆန်စွဲကျေးရွာအုပ်စု၊ အင်းတောရိုးကျေးရွာမှ မောင်အောင်ပြည့်ဖြိုးတို့ဖြစ်ကြပြီး မင်းကင်းဒေသဘက်တွင် ဖမ်းဆီးခံရခြင်းဖြစ်သည်ဟု ၎င်းတို့၏ရေးသားဖေါ်ပြထားသည်ကို တွေ့ရပြီး အဆိုပါလူငယ်နှစ်ဦးကို မင်းကင်း PDF များဟု စွပ်စွဲဖေါ်ပြထားသည်ကို တွေ့ရသည်။ 

မည်သည့်အဖွဲ့က မည်သည့်အချိန်တွင် ဖမ်းဆီးထားသည်ကို Tachileik News Agency အနေဖြင့် သီးခြားအတည်ပြုနိုင်ခြင်းမရှိပါ။

မိမိတို့နှင့် ဆန့်ကျင်တိုက်ခိုက်သူများအား ဖမ်းဆီးမိရာတွင် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များနှင့် ပြည်သူ့ကာကွယ်ရေးအဖွဲ့များက စစ်ပွဲဆိုင်ရာကျင့်ဝတ်များ လိုက်နာဆောင်ရွက်ရေးကို အလေးထားလုပ်ဆောင်ကြရန် ကြိုးစားမှုများကို တွေ့ရပြီး အာဏာသိမ်းအဖွဲ့၏ စစ်တပ်နှင့်ရဲတို့က ၎င်းတို့အား ဆန့်ကျင်တိုက်ခိုက်သူသာမက သံသယရှိသများကို ဖမ်းဆီးရာတွင် ဥပဒေမဲ့၊ ကျင့်ဝတ်မဲ့လုပ်ဆောင်မှုများကိုသာ လုပ်နေကြသည်ကို တွေ့ရသည်။

ယင်းအပြင် အာဏာသိမ်းမှုအား ငြိမ်းချမ်းစွာဆန့်ကျင်သည့် ပြည်သူများအား နှိမ်နှင်းရာတွင်ပင် ပြည်တွင်း ဥပဒေပြဌာန်းချက်များ၊ နိုင်ငံတကာပြဌာန်းချက်များ၊ လူ့အခွင့်အရေးဆိုင်ရာစံနှုန်းများ၊ ကျင့်ဝတ်များကို အာဏာသိမ်းအဖွဲ့အနေဖြင့် လိုက်နာခြင်းမရှိသည်ကို တွေ့ရသည်။

စစ်ဘေးကာလ (သို့) စစ်မက်ဖြစ်ပွားသည့်ကာလ၊ ပြည်တွင်း နိုင်ငံရေးမငြိမ်သက်မှုဖြစ်ပေါ်နေသည့် အခြေအနေအပြင် အခြားမည်သည့်အခြေအနေမျိုးတွင်မဆို ညှင်းပန်းနှိပ်စက်မှု ကျူးလွန်ခြင်းကို လုပ်ဆောင်ခွင့်မရှိရဟု နိုင်ငံတကာပြဌာန်းချက်များတွင် ပြဌာန်းထားသည့်အပြင်  ပြည်တွင်းဥပဒေများအရ ခွင့်ပြုထားခြင်းမရှိသည့်အပြင် ထိုသို့ပြုလုပ်သူများကို ဆယ်နှစ်အထိ ထောင်ဒဏ်တစ်မျိုးမျိုးချမှတ်ရမည့်အပြင် ငွေဒဏ်လည်း ချမှတ်နိုင်ကြောင်း ပြဌာန်းထားခြင်းဖြစ်သည်။