ချင်းတွင်းမြစ်ကြောင်းမှ ကျောက်စိမ်းသယ်လာသည့် အာဏာသိမ်းစစ်တပ်ကို ဒေသကာကွယ်ရေးအဖွဲ့များ ကျောက်မှော်အနီး တိုက်ခိုက်

 ချင်းတွင်းမြစ်ကြောင်းမှ ကျောက်စိမ်းသယ်လာသည့် အာဏာသိမ်းစစ်တပ်၏ ရေယာဉ် (၁၁)စီးအုပ်စုကို မြစ်ကြောင်းတလျှောက်ရှိ ဒေသကာကွယ်ရေးအဖွဲ့များက တိုက်ခိုက်နေကြပြီး ၂၀၂၁ ခုနှစ် ဒီဇင်ဘာလ (၁၈) ရက်နေ့က ယင်းမာပင်မြို့နယ်၊ ကျောက်မှော်ရွာအနီးရောက်လာစဉ် Kani people's Defense Force - KPDF 1  က ပြန်လည်တိုက်ခိုက်ကြောင်း သိရသည်။

ယင်းမာပင်မြို့နယ်၊ ကျောက်မှော်ကျေးရွာအနီးတွင် အာဏာသိမ်းစစ်တပ် ရေယာဉ်အုပ်စုက စတင်ပစ်ခတ်ခဲ့ရာ KPDF 1 က ပြန်လည်ပစ်ခတ်မှုအတွင်း အာဏာသိမ်းတပ်ဘက်တွင် သေဆုံးရှိမည်ဟု ခန့်မှန်းထားကြပြီး ရေယာဉ်အုပ်စုမှ ဖလက်ခွံစက်ချို့ယွင်းသွားခဲ့ကြောင်း သိရသည်။

ကုန်းကြောင်း နယ်မြေရှင်းလင်းရေးအင်အားနှင့် လက်နက်အင်အားသာလွန်သည့် အာဏာသိမ်းစစ်တပ်၏ ရေယာဉ်အုပ်စုကို ချင်းတွင်းမြစ်ကြောင်းတလျှောက်တွင် KPDF-1၊ KPDF(KLG)၊ ရွှေတြိဂံတပ်ရင်း၊ MPDF နှင့် YINMARBIN PDA စသည့်မဟာမိတ်များ ပူးပေါင်းတိုက်ခိုက်ခဲ့ကြသဖြင့် အဆိုပါရေယာဉ်အုပ်စုမှာ အစုန်ခရီးကို ရက်ပေါင်း (၆၀) ကျော်လာပြီဖြစ်သည်။