ကော့မှူးမြို့နယ်အတွင်း ကျိုက်ထော်ကားလမ်းပေါ် အာဏာသိမ်းအဖွဲ့၏ ကင်းလှည့်ယာဉ်ကို ဒေသကာကွယ်ရေးအဖွဲ့များက ပစ်ခတ်တိုက်ခိုက်

ရန်ကုန်တိုင်း၊ ကော့မှူးမြို့နယ်၊ မကျီးကန်ရွာနောက်ဘက်ရှိ ကျိုက်ထော် ကားလမ်းမပေါ်တွင် အာဏာသိမ်းစစ်တပ်၏ ကင်းလှည့်ယာဉ်ငယ်(၂)စီးအား  ရန်ကုန်တိုင်းစစ်ဒေသခွဲကွပ်ကဲရေးအဖွဲ့၏ ပြည်သူ့တော်လှန်ရေးအင်အားစုများက ပစ်ခတ်တိုက်ခိုက်ရာ အာဏာသိမ်းစစ်တပ်အဖွဲ့ဘက်က တပ်သား (၂)ဦး ပြင်းထန်သည့် ဒဏ်ရာရရှိသွားကြောင်း ရန်ကုန်တိုင်းစစ်ဒေသခွဲ ကွပ်ကဲရေးအဖွဲ့က သတင်းထုတ်ပြန်ထားရှိသည်။

အဆိုပါ ကင်းလှည့်ယာဉ်အား နိုဝင်ဘာလ(၁၂)ရက်နေ့ ညနေ(၅)နာရီကျော်အချိန်က ပစ်ခတ်တိုက်ခိုက်ခြင်း ဖြစ်ပြီး ပြောက်ကျားစနစ်ဖြင့် တိုက်ခိုက်ခြင်းကြောင့် တစ်ဖက်အဖွဲ့က ပြန်လည် ပစ်ခတ်နိုင်ခြင်းမရှိဘဲ ဆုတ်ခွာ ထွက်ပြေးသွားကြောင်း သိရသည်။

 "ပြည်သူထောက်ခံမှုမရဘဲ စိတ်ဓာတ်ကျဆင်းနေတဲ့ အကြမ်းဖက် မင်းအောင်လှိုင်တပ်သားတွေဟာ ပြည်သူ့တော်လှန်ရေးအင်အားစုတွေနဲ့ ထိတွေ့တိုက်ပွဲဖြစ်ချိန်တွေမှာ ပြန်လည်တိုက်ခိုက်နိုင်စွမ်း မရှိဘဲ၊ အမြဲ ဆုတ်ခွါထွက်ပြေးနေရတာဖြစ်ပါတယ်။ မင်းအောင်လှိုင်ရဲ့ အကြမ်းဖက်စစ်တပ်ဟာ လက်နက်ကိုင်အချင်းချင်း တန်ပြန်ရင်ဆိုင်တိုက်ခိုက်ရန် စွမ်းရည် မရှိတာကြောင့် တိုက်ပွဲဖြစ်ပွါးပြီး နောက်ပိုင်းအချိန်များတွင်မှ အနီးအနားရှိ လက်နက်မဲ့ အပြစ်မဲ့ ပြည်သူများကို ဖမ်းဆီးနှိပ်စက် သတ်ဖြတ်နေတာကြောင့် ရန်ကုန်တိုင်းစစ်ဒေသခွဲ ကွပ်ကဲရေးအဖွဲ့အနေနဲ့  အပြစ်မဲ့ပြည်သူများကို ဖမ်းဆီးနှိပ်စက် သတ်ဖြတ်မှုများ မလုပ်ဆောင်ဘဲ၊ လက်နက်ကိုင်အချင်းချင်းသာ  တန်ပြန်တိုက်ခိုက်ရန် သတိပေးထားခဲ့ပြီးဖြစ်ပါတယ်။"ဟု ရန်ကုန်တိုင်းစစ်ဒေသခွဲကွပ်ကဲရေးအဖွဲ့က ဆိုသည်။

ရန်ကုန်တိုင်းစစ်ဒေသခွဲ ကွပ်ကဲရေးအဖွဲ့သည် “ပျံလွှားအောင်” စစ်ဆင်ရေးအမည်ဖြင့် ရန်ကုန်တိုင်းဒေသကြီးအတွင်း အာဏာသိမ်းစစ်တပ်အား တိုက်ခိုက်လျက်ရှိကြောင်း သိရသည်။

 ရန်ကုန်တိုင်းစစ်ဒေသခွဲ ကွပ်ကဲရေးအဖွဲ့အနေဖြင့် အာဏာသိမ်း အကြမ်းဖက်စစ်တပ်အဖွဲ့ကို တိုက်ခိုက်မှုများ ဆက်လက်လုပ်ဆောင်သွားမည်ဖြစ်သည့်အတွက် ပြည်သူများအနေဖြင့် သွားသတိ လာသတိရှိရန်လည်း အသိပေး မေတ္တာရပ်ခံထားရှိသည်။ 

 

 video: ရန်ကုန်တိုင်းစစ်ဒေသခွဲကွပ်ကဲရေးအဖွဲ့