ကျောက်မဲမြို့နယ်တွင်း တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ အချင်းချင်းကြား တိုက်ပွဲဆက်ဖြစ်နေ

ရှမ်းပြည်နယ် ( မြောက်ပိုင်း ) ကျောက်မဲမြို့နယ် ပန်ဟုန်းကျေးရွာအနီးတစ်ဝိုက်၌ ၂၀၂၁ ခုနှစ်၊ အောက်တိုဘာလ (၂၄) ရက်နေ့တွင် ဒေသတွင်း တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ အချင်းချင်းကြား တိုက်ပွဲဆက်လက်ဖြစ်ပွားနေကြောင်း ဒေသခံများထံမှ သိရသည်။

“RCSS နှင့် TNLA တိုက်နေကြတာ။ ကျန်တဲ့အဖွဲ့တွေ ပါ၊ မပါတော့ မသိဘူး။”ဟု ဒေသခံတစ်ဦးက Tachileik News Agency သို့ ပြောသည်။

ပန်ဟုန်းကျေးရွာအနီးတွင် အောက်တိုဘာလ (၂၁) ရက်နေ့ နံနက်အစောပိုင်းကစ၍ ယနေ့အထိ တိုက်ပွဲများ ဆက်တိုက်ဖြစ်ပွားနေခြင်းဖြစ်ကြောင်း ဒေသခံများထံမှ သိရသည်။

အဆိုပါဒေသတွင် ပြီးခဲ့သည့် ဇူလိုင်လအတွင်းကစတင်၍ ဒေသတွင်း တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အချင်းချင်းကြား ထိတွေ့တိုက်ပွဲများ အကြိမ်များစွာဖြစ်ပွားခဲ့သည့်အတွက် ဒေသခံများမှာ လက်ရှိအချိန်ထိ ကာလရှည်ကြာ စစ်ဘေးရှောင်နေကြရခြင်းဖြစ်သည်။