အာဏာသိမ်းအဖွဲ့က ကိုးကန့် (MNDAA)နယ်မြေကို လက်နက်ကြီးပစ်ကူဖြင့် ထိုးစစ်ဆင်နေပြီး ဒရုန်းဖြင့် စတင်ထောက်လှမ်း

 အာဏာသိမ်းစစ်တပ်က ကိုးကန့် (MNDAA)နယ်မြေများကို ၂၀၂၁ ခုနှစ် စက်တင်ဘာလ (၅) ရက်နေ့ တစ်နေ့တာအတွင်း လက်နက်ကြီး အကြိမ်ရေ (၃၀၀) ကျော်ပစ်ခတ်၍ ထိုးစစ်ဆင်နေသည့်အပြင် လေကြောင်းမှ ဒရုန်းဖြင့် စတင်ထောက်လှမ်းနေကြောင်း သိရသည်။

အာဏာသိမ်းစစ်တပ်က စက်တင်ဘာလ (၅) ရက်နေ့ တစ်နေ့တာအတွင်း လက်နက်ကြီး အကြိမ် (၃၀၀) ကျော်ပစ်ခတ်ခဲ့ပြီး ညနေ (၃)နာရီခွဲဝန်းကျင်တွင် လက်နက်ကြီးပစ်ကူယူ၍ ခြေလျင်တပ်ဖြင့် နှစ်ကြိမ် ထိုးစစ်ဆင် တိုက်ခိုက်သည့်အပြင် MNDAA တပ်စခန်းများကို ဒရုန်းများဖြင့် စတင်ထောက်လှမ်းမှု လုပ်နေသည်ဟု သိရသည်။

အာဏာသိမ်းစစ်တပ်က ဟဲ့ရှန်၊ လုံခမ်ဒေသရှိ လက်နက်ကြီးစခန်းများမှနေ၍ ဖောင်းဆိုင်ဒေသရှိ ကိုးကန့် (MNDAA) တပ်ရှိရာများကို စက်တင်ဘာလ (၄) ရက် နံနက် (၉) နာရီကတည်းက လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်နေခြင်းဖြစ်ပြီး လက်ရှိအချိန်ထိလည်း ပစ်ခတ်နေဆဲဖြစ်ကြောင်း သိရသည်။

အာဏာသိမ်းစစ်ကောင်စီတပ်သည် မုံးကိုးဒေသကို ပထမဆုံးအကြိမ် ဒရုန်းကို အသုံးပြု ပြီး ထောက်လှမ်းနေခြင်းမှာ စစ်ဆင်ရေးအကြီးစားများနှင့် လေကြောင်းမှ တိုက်ခိုက်ရန် ပြင်ဆင်နေခြင်းဖြစ်သည်ဟု ကိုးကန့် (MNDAA) က ခန့်မှန်းထားသည်။

အာဏာသိမ်းစစ်ကောင်စီက ၎င်း၏လက်နက်စက်ရုံတွင် လေကြောင်းပစ်ဗုံးများ အလျင်အမြန်ထုတ်လုပ်ရန် ညွှန်ကြားထားကြောင်းလည်း သတင်းများထွက်ပေါ်နေခြင်းဖြစ်သည်။

 

#TachileikNewsAgency

VDO - ကိုးကန့်