ကလေးမြို့နယ်တောင်ပိုင်း ရေရှင်ကျေးရွာတွင် အာဏာသိမ်းစစ်တပ်က မီးရှို့ဖျက်ဆီး

စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးမြို့နယ်တောင်ပိုင်း ရေရှင်ကျေးရွာတွင်  ၂၀၂၁ခုနှစ် စက်တင်ဘာလ(၃)ရက်နေ့ ည(၇)နာရီဝန်းကျင်အချိန်က အာဏာသိမ်းစစ်ကောင်စီတပ်မှ ဝင်ရောက်ပြီး ရွာအားမီးရှို့ဖျက်ဆီးနေကြောင်း ဒေသခံအမျိုးသမီးတစ်ဦးက ဗီဒီယိုမှတ်တမ်းရိုက်ပြီး လူမှုကွန်ရက်တွင် မျှဝေထားသည်ကို တွေရသည်။



ယနေ့ ၂၀၂၁ခုနှစ် စက်တင်ဘာလ(၃)ရက်နေ့ နံနက်ပိုင်းတွင် အာဏာသိမ်းစစ်ကောင်စီတပ်မှ အင်အားများစွာြဖင့်  ကလေးမြို့နယ်တောင်ပိုင်း မြစ်သာမြစ်၏ အရှေ့ဘက်ကမ်းရှိ အင်းကျွန်းကျေးရွာသို့ လက်နက်ကြီး လက်နက်ငယ်များဖြင့် အကြောင်းမဲ့ပစ်ခတ် ဝင်ရောက်စီးနင်းပြီး လူနေအိမ်များကို မွှေနှောက်ဖျက်ဆီးခဲ့သလို ညပိုင်းတွင်လည်း ကလေးမြို့နယ်တောင်ပိုင်းရှိ ရေရှင်ရွာတွင်းသို့ ဝင်ရောက်ကာ လူနေအိမ်များစွာကို ဖျက်ဆီးပြီး ည(၇)နာရီဝန်းကျင်က စ၍ မီးရှို့ဖျက်ဆီးကြောင်း ကလေးမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က စက်တင်ဘာလ(၃)ရက်နေ့ ညပိုင်းတွင်လည်း သတင်းထုတ်ပြန်ထားသည်။

ယနေ့ တစ်နေ့တာအနေဖြင့် ဖြစ်ပွားသည့် တိုက်ပွဲများအတွင်း အာဏာသိမ်းစစ်ကောင်စီတပ်ဘက်က အသေအဆုံးများရှိနိုင်သော်လည်း PDF ဘက်က အတည်ပြုနိုင်ခြင်းမရှိကြောင်း နှင့် အာဏာသိမ်းတပ်ဖက်က လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် PDF ဘက်က တပ်ဖွဲ့ဝင် (၂)ဦး မစိုးရိမ်ရသည့် ဒဏ်ရာရရှိကြောင်းလည်း သိရသည်။

အာဏာသိမ်းစစ်ကောင်စီတပ်မှ စစ်အင်အားများစွာဖြင့် ထိုးစစ်ဆင်လာမှုကြောင့် ကလေးမြို့နှင့် ဂန့်ဂေါမြို့အကြား မော်တော်ကားများ ဖြတ်သန်းသွားလာခြင်း လုံးဝမပြုလုပ်ရန်နှင့် တားမြစ်ထားသည့်ကြားက သွားလာမှုများပြုလုပ်ပါက ကလေးမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့အနေဖြင့် တာဝန်ယူမည်မဟုတ်ကြောင်းလည်း အသိပေးထားရှိသည်။

 

Video: ​ယောရွာသတင်းစုံ