မိုးကုတ်မြို့မှာ ဒီနေ့ ၂၀၂၁ ဩဂုတ်လ(၁၂)ရက်နေ့အကူး နံနက်(၁)နာရီဝန်းကျင်အချိန်က စပြီး မိုးသည်းထန်စွာရွာသွန်းမှုကြောင့် မိုးကုတ်မြို့ရဲ့ အရှေ့ပိုင်းရောအနောက်ပိုင်းပါ အချို့နေရာတွေမှာ တောင်ကျရေများနှင့်အတူ ရေကြီးရေလျှံမှုတွေ လမ်းပျက်မှုဖြစ်ပွားနေတာကို တွေ့ရပါတယ်။
ညပိုင်းက မိုးရွာသွန်းမှုကြောင့် မိုးကုတ်မြို့အနောက်ပိုင်းရဲ့ ကျောက်ဖြူရပ်ကွက်အတွင်း BOC ဆီဆိုင်အနီးမှာ မြေပြိုပြီး ထရန်စမော်မာပါ လဲကျသွားတဲ့အတွက် နေအိမ်အတွင်းက သက်ကြီးရွယ်အို နဲ့ ကလေးငယ်အပါအဝင် မိသားစု (၃)ဦး သေဆုံးသွားပါတယ်။
အဲ့ဒီနေ့အိမ်အတွင်း ကယ်ဆယ်ရေးအဖွဲ့တွေ လူမှုရေးအသင်းအဖွဲ့တွေက ရှာဖွေ ကယ်ဆယ်ရေးလုပ်ဆောင်ပြီး အလောင်းကို ရင်ခွဲရုံသို့ ပို့ဆောင်ထားတယ်လို့ သိရပါတယ်။
မိုးကုတ်မြို့အရှေ့ပိုင်းရဲ့ မင်းတံတားရပ်ကွက်မှာလည်း ရေကြီးရေလျှံမှု ဖြစ်ပွားသလို နေ့လည်(၁)နာရီအချိန်အထိ မိုးမတိတ်သေးဘူးလို့လည်း သိရပါတယ်။