လွိုင်ကော်မြို့သို့ အာဏာသိမ်းစစ်ကောင်စီတပ်၏ စစ်ကားအစီး (၃၀) ကျော်  အင်အားဖြည့် ထပ်မံ ရောက်ရှိ 

အာဏာသိမ်းစစ်ကောင်စီတပ်၏ စစ်ကားအစီးရေ (၃၀) ဝန်းကျင်သည် ရှမ်းပြည်နယ်တောင်ပိုင်းလမ်းကြောင်းမှ ကရင်နီ(ကယား)ပြည်နယ်၊ လွိုင်ကော်မြို့သို့ ၂၀၂၁ ခုနှစ်၊ ဇွန်လ (၂၄) ရက်နေ့ ညနေ (၄)နာရီဝန်းကျင်၌ ရောက်လာကြောင်း သိရသည်။

ဆီဆိုင်ဖက်လမ်းကနေ  ရောက်လာတာပါ။ ကားအစီးရေ(၃၀)ကျော်ပါတယ်။ လူအင်အား၊ ရိက္ခာအပြည့်နဲ့လာတာပါ။ အခု လွိုင်ကော်မြို့အဝင်ကို ရောက်နေပါပြီ

ဟု ဒေသခံတစ်ဦးက တာချီလိတ်သတင်းအေဂျင်စီသို့ပြောသည်။ 

ရှမ်းပြည်နယ်တောင်ပိုင်း ဆိုက်ခေါင် -ဆီဆိုင် -လွိုင်ကော်လမ်းအတိုင်း စစ်ကောင်စီ၏ စစ်ကားအစီး (၃၀) ကျော်မှာ လူအင်အားနှင့် ရိက္ခာများ အပြည့်အစုံတင်ဆောင်၍ လွိုင်ကော်မြို့သို့ ရောက်ရှိလာခြင်းဖြစ်ကြောင်း သိရသည်။ 

ရှမ်းပြည်နယ်တောင်ပိုင်း ဆိုက်ခေါင် -ဆီဆိုင်လမ်းကြောင်းမှနေ၍ ကယားပြည်နယ် လွိုင်လင်လေး - လွိုင်ကော်လမ်းအတိုင်း လူနှင့်ရိက္ခာအပြည့်အစုံတင်လာသည့် စစ်ကားများဖြင့် မကြာခဏဝင်ရောက်လာပြီး ကယားပြည်နယ်တွင်း စစ်အင်အား တိုးချဲ့နေသည်ကို တွေ့ရသည်။

အာဏာသိမ်းစစ်ကောင်စီက ကယားပြည်နယ်တွင်း ဇွန်လ (၁၇) ရက်နေ့မှစ၍ စစ်အင်အားများ ထပ်မံတိုးချဲ့ပို့ဆောင်နေပြီး ရှမ်း - ကယားနယ်စပ် လွိုင်လင်လေးမြို့နယ်၊ လွိုင်ကော်မြို့နယ်နှင့် ဒီးမော့ဆိုမြို့နယ် အရှေ့ဖက်ခြမ်း ဒေသတို့တွင် စစ်ကောင်စီတပ်များမှ အင်အားအများအပြားဖြင့် ခြေလျင်လှည့်လည်သွားလာကာ နယ်မြေစိုးမိုးရေး လှုပ်ရှားလာသည်ကို တွေ့ရသည်။

ကယားပြည်နယ်နှင့် ရှမ်းပြည်နယ်နယ်စပ် ​မိုးဗြဲမြို့တို့တွင် အကြမ်းဖက်စစ်ကောင်စီတပ်နှင့် ကရင်နီအမျိုးသားကာကွယ်ရေးတပ်တို့ ဇွန်လ(၁၅)ရက်နေ့က တိုက်ပွဲ ယာယီရပ်နားထားခဲ့ပြီးနောက်ပိုင်း တိုက်ပွဲ ဖြစ်ပွားခြင်းမရှိသော်လည်း စစ်ကောင်စီက အင်အားတိုးချဲ့၍ ကျေးရွာများအတွင်း တပ်စွဲနေခြင်းကြောင့် ဒေသခံ စစ်ရှောင်ဦးရေ တိုးပွားလျှက်ရှိကြောင်း သိရသည်။

#TachileikNewsAgency