တာချီလိတ်မြို့နဲ့နီးစပ်တဲ့ ရွှေတြိဂံဒေသ လာအိုနိုင်ငံ တုန့်ဖိန်းခရိုင်အတွင်း ရွှေ့ပြောင်းမြန်မာအလုပ်သမားတွေ အများစုနေထိုင်တဲ့ ရခိုင်ရွာလို့ ခေါ်တဲ့ မြန်မာရွာမှာ Covid-19 ကြောင့် ပိတ်မိနေပြီး စားနပ်ရိက္ခာအတွက် ခက်ခဲနေတဲ့ မြန်မာအိမ်ထောင်စု (၂၃၀၀)ကျော်ကို ၂၀၂၁ခုနှစ် ဇွန်လရဲ့ ဒုတိယပတ်အတွင်းမှာ (၂)ကြိမ်တိုင်တိုင် လှူဒါန်းပေးခဲ့တယ်လို့ သိရပါတယ်။
ရွှေ့ပြောင်းမြန်မာလုပ်သား အများဆုံးနေထိုင်တဲ့ ရခိုင်ရွာကို ၂၀၂၁ခုနှစ် ဧပြီလ(၂၃)ရက်နေ့ကတည်းက စပြီး Covid-19 ကာကွယ်ရေးအတွက် Lockdown သတ်မှတ်လိုက်တာဖြစ်တဲ့အတွက် အဲ့ဒီမှာ နေထိုင်တဲ့ မြန်မာနိုင်ငံသားများဟာ စားဝတ်နေရေးအတွက် အလုပ်အကိုင် လုပ်လို့မရတော့သလို ရွာပြင်ကိုလည်း ထွက်လို့မရတော့တာကြောင့် အရင်က စုမိဆောင်းမိထားတဲ့ ငွေကြေးတွေနဲ့ပဲ လတ်တလော ဝမ်းရေးကို ဖြေရှင်းနေရတယ်လို့ သိရပါတယ်။
အဲ့လိုနဲ့ ရက်ကာလကြာရှည်လာတဲ့အခါ အဆင်မပြေမှုတွေရှိလာပြီး စားဝတ်နေရေးပါ ခက်ခဲလာတဲ့အတွက် ရခိုင်ရွာအပြင်ဘက် တောင်ခြေမှာ နေထိုင်တဲ့ မြန်မာနိုင်ငံသားများ၊ စေတနာရှင်များ စုပေါင်းပြီး ဇွန်လ(၇)ရက်နေ့နဲ့ ဇွန်လ(၉)ရက်နေ့တွေမှာ အမှန်တကယ်လိုအပ်တဲ့ အိမ်ထောင်စုပေါင်း (၂,၃၀၀)ကျော်ကို စာနပ်ရိက္ခာတွေ ပေးဝေလှူဒါန်းခဲ့တာဖြစ်ပါတယ်။
လာအိုနိုင်ငံကနေ မြန်မာနိုင်ငံကို ပြန်လာချင်သူတွေဟာ ရာနဲ့ချီ ရှိနေပေမဲ့လည်း မြန်မာဘက် တာချီလိတ်ခရိုင်က တာဝန်ရှိသူများနဲ့ သက်ဆိုင်ရာများက တုန့်ပြန်မှုတွေမရှိသေးတဲ့အတွက် လာအိုရောက် မြန်မာနိုင်ငံသားများဟာ အခက်အခဲတွေနဲ့ ရင်ဆိုင်နေရပါတယ်။