ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်မြို့မှာ မြေသယ်ယာဉ်များအနေနဲ့ အခြားအသုံးပြုခွင့်မရှိသေးတဲ့ လယ်ယာမြေတွေပေါ်မှာ မြေဖို့မှုတွေမလုပ်ဆောင်ဖို့အတွက် အသိပညာပေးမှုတွေကို ပူးပေါင်းအဖွဲ့နဲ့ ၂၀၂၁ ခုနှစ်ရဲ့ ဇန်နဝါရီ တတိယပတ်အတွင်းမှာ စတင်လုပ်ဆောင်လာခဲ့ပါတယ်။
တာချီလိတ်မြို့တွင်း လမ်းဘေးပလက်ဖောင်းတွေပေါ်မှာ ဈေးရောင်းနေမှုတွေနဲ့ ဗီနိုင်းတွေ ဆိုင်းဘုတ်တွေကြောင့် လမ်းသွားလမ်းလာတွေ အနှောက်အယှက်ဖြစ်စေတဲ့အတွက် ဖယ်ရှားနိုင်ဖို့လည်း စီစဉ်နေပါတယ်။
ဒီလို လုပ်ဆောင်နိုင်ဖို့အတွက် ဌာနဆိုင်ရာ (၆) ခုပါတဲ့ အဖွဲ့တစ်ဖွဲ့ကို ဖွဲ့စည်းခဲ့ပြီး ရှောင်တခင်စစ်ဆေးမှုတွေ စတင်လုပ်ဆောင်လာတာဖြစ်ပါတယ်။
လက်ရှိ တာချီလိတ်မြို့တွင်းမှာ ဗိုလ်ချုပ်အောင်ဆန်းလမ်းမကြီးတစ်လျှောက် ယာဉ်နှစ်ထပ်ရပ်နားမှုတွေကိုလည်း အသိပညာပေးမှုတွေလုပ်ဆောင်ပြီး ဖမ်းစီးအရေးယူမှုတွေကိုလည်း စတင်နေပါတယ်။
တာချီလိတ်မြို့တွင်း သွားလာနေတဲ့ အုတ်/သဲ/ကျောက်/မြေသယ်ယာဉ်တွေက သတ်မှတ်စည်းကမ်းမလိုက်နာဘဲ မောင်းနှင်နေတဲ့အတွက် လမ်းမများထက်မှာ မြေကြီးတွေ၊ ကျောက်ခဲတွေ ပြုတ်ကျခဲ့တဲ့အတွက် ယာဉ်အန္တရာယ်ဖြစ်နိုင်တာကြောင့် ၂၀၂၁ ခုနှစ် ဇန်နဝါရီလအတွင်းမှာတော့ ယာဉ်အစီးရေ (၁၃) စီးကို ဖမ်းစီးအရေးယူခဲ့ပြီး အဓိကလမ်းမကြီးဖြစ်တဲ့ ဗိုလ်ချုပ်အောင်ဆန်းလမ်းမကြီးပေါ်မှာတော့ ယာဉ်နှစ်ထပ် ရပ်နားတဲ့ ယာဉ် (၁၄) စီးကိုလည်း ဖမ်းစီးအရေးယူခဲ့တယ်လို့ သိရပါတယ်။
ပူးပေါင်းအဖွဲ့က ရှောင်တခင်စစ်ဆေးရင်း လမ်းသွား၊ လမ်းလာတွေကို ဆိုင်ကယ်စီးဦးထုပ်မဆောင်းတာ၊ မော်တော်ယာဉ်မောင်းနှင်စဉ်မှာ ထိုင်ခုံ ခါးပတ်မပတ်တာတွေ အပါအဝင် ယာဉ်စည်းကမ်း လမ်းစည်းကမ်းဆိုင်ရာ အသိပညာပေးမှုတွေ လုပ်ဆောင်ခဲ့ပါတယ်။
လက်ရှိမှာ အသိပညာပေးမှုတွေ လုပ်ဆောင်နေပေမယ့် အမှတ်(၁၂၁)ယာဉ်ထိန်းရဲတပ်ဖွဲ့စု(တာချီလိတ်)က ထုတ်ပြန်ထားတဲ့ ဆိုင်ကယ်စီးချိန်မှာ လိုက်နာရမယ့် အချက် (၁၂) ချက်နဲ့ မော်တော်ယာဉ်မောင်းနှင်ရာမှာ လိုက်နာရမယ့် အချက် (၄) ချက်ကို အသိပညာပေးမှုတွေ လုပ်ဆောင်ခဲ့ပြီး ဖေဖော်ဝါရီလ (၁) ရက်နေ့ကစတင်ပြီး လိုက်နာမှုမရှိသူတွေကို အရေးယူသွားမယ်လို့ သိရပါတယ်။
သတင်းတင်ဆက် - ကိုဇောင်း
သတင်းရိုက်ကူး - ဟန်စိုးထိုက်