( တင်ရန် ) စီးပွားရေးမူဝါဒချမှတ်မှု အနည်းငယ်နောက်ကျသည်ဟု ဂျပန် - မြန်မာစင်တာ ဝေဖန်

( တင်ရန် ) စီးပွားရေးမူဝါဒချမှတ်မှု အနည်းငယ်နောက်ကျသည်ဟု ဂျပန် - မြန်မာစင်တာ ဝေဖန်
ဇူလိုင် 31, 2016
By Tachileik News Agency


ကိုဇက် -Tachileik News Agency

တာချီလိတ်၊ ဇူလိုင်လ (၃၁)ရက်

မြန်မာအစိုးရသစ်လက်တွင် စီးပွားရေးမူဝါဒအား ရက်(၁၀၀)ကျော်မှ ချမှတ်လိုက်ခြင်းမှာ စီးပွားရေးကဏ္ဍအတွက် အနည်းငယ်နောက်ကျသည်ဟု ဂျပန်-မြန်မာ စင်တာမှ ဝေဖန်လိုက်သည်။

စီးပွားရေးပေါ်လစီအား ရက်(၁၀၀)ကျော်မှ ချမှတ်ခြင်းကြောင့် စီးပွားရေးနှင့် သက်ဆိုင်သည့် ဥပဒေ၊ ထုတ်ပြန်ချက်များ (Law and Regulation) နောက်ကျသွားသဖြင့် နိုင်ငံခြား ရင်းနှီးမြုပ်နှံမှု နှောင့်နှေးလာသည်ဟု မြန်မာ-ဂျပန် စင်တာမှ ဒါရိုက်တာ ဒေါက်တာမျိုးသက်က ပြောသည်။

"အစိုးရအနေနဲ့ကတော့ ငြိမ်းချမ်းရေးကို ဦးစားပေးနေပြီး စီးပွားရေးအပိုင်းကို လှည့်မကြည့်သလောက် ဖြစ်နေတယ်။ ဒါကြောင့်လည်း စီးပွားရေးမူဝါဒအစည်းအဝေးမှာ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က အမျိုးသားပြန်လည်သင့်မြတ်ရေးကိုသာ သူအဓိက လုပ်ဆောင်နေပါတယ်လို့ ပြောတယ်။ နိုင်ငံတည်ငြိမ်မှ စီးပွားရေးတည်ငြိမ်မှာဆိုတာမှန်ပေမဲ့ အစိုးရအနေနဲ့ လုံးဝလှည့်မကြည့်တဲ့အတွက် နည်းနည်းလေး နောက်ကျသွားတယ်။ အစိုးရအနေနဲ့ အားလုံးတပြိုင်နက်တည်း လုပ်ဆောင်ရမှာ နောက်ကျတဲ့အတွက် နိုင်ငံခြားရင်းနှီးမြုပ်နှံမည်သူတွေကလည်း လန့်ကုန်တာပေါ့။ ဒါကြောင့် FDI ကျဆင်းလာတာပါ"ဟု မြန်မာ-ဂျပန် စင်တာမှ ဒါရိုက်တာ ဒေါက်တာမျိုးသက်က ပြောသည်။

လက်ရှိမြန်မာနိုင်ငံ၏ စီးပွားရေးလုပ်ငန်းအများစုမှာ မိသားစုရေးစီးပွားရေးပုံစံတွင်သာရှိနေသဖြင့် ပေါင်းစပ်ဆောင်ရွက်သည့် ပုံစံပြောင်းလဲနိုင်မှသာ အိမ်နီးချင်းနိုင်ငံများမှ စီးပွားရေးလုပ်ငန်းရှင်များနှင့် နိုင်ငံခြားသား ရင်းနှီးမြုပ်နှံမှုများအား ယှဉ်ပြိုင်နိုင်မည့် အခြေအနေရှိလာမည်ဟု မြန်မာ - ဂျပန် စင်တာက သုံးသပ်သည်။

လတ်တလောတွင် နိုင်ငံခြားသားရင်းနှီးမြုပ်နှံမှုဥပဒေနှင့် မြန်မာနိုင်ငံသားရင်းနှီးမြုပ်နှံမှုဥပဒေ(၂)ရပ်အား ပေါင်းစပ်ပြဌာန်းထားပြီး ပြန်လည်ဆန်းစစ်(Reviews)မှုများ ပြုလုပ်နေကြောင်း သိရသည်။

၂ဝ၁၁ -၂ဝ၁၂ ဘဏ္ဍာရေးနှစ်မှ ၂ဝ၁၅-၁၆ ဘဏ္ဍာရေးနှစ်အထိ ကာလအတွင်း နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ပမာဏမှာ အမေရိကန်ဒေါ်လာ ၂၇ ဒသမ ၅ ဘီလျံရှိခဲ့ပြီး အစိုးရသစ်၏ ပထမရက်(၁၀၀)အတွင်း နိုင်ငံခြားရင်းနှီးမြုပ်နှံမှုမှာ အမေရိကန်ဒေါ်လာ(၂၄)သန်းရှိကြောင်း သိရသည်။

 #TachileikNewsAgency#TachileikOnlineNewswww.tachileik.net