တာချီလိတ် ဘုရင့်နောင်ရင်ပြင် မွမ်းမံမှုအား ပြည်နယ်အစိုးရမှ "ဆောင်ရွက်ခွင့် ဆိုင်းငံ့ထားပြီး လုံခြုံရေးအရ သဘောတူညီမှ လုပ်ပါ" ဆိုသည့် အချက်ကြောင့် ဒေသခံများ အလိုမကျဖြစ်

တာချီလိတ် ဘုရင့်နောင်ရင်ပြင် မွမ်းမံမှုအား ပြည်နယ်အစိုးရမှ "ဆောင်ရွက်ခွင့် ဆိုင်းငံ့ထားပြီး လုံခြုံရေးအရ သဘောတူညီမှ လုပ်ပါ" ဆိုသည့် အချက်ကြောင့် ဒေသခံများ အလိုမကျဖြစ်
သြဂုတ် 25, 2014
By Tachileik News Agency

တာချီလိတ်မြို့သည် ထိုင်း - မြန်မာ - လာအို (၃)နိုင်ငံ ရွှေတြိဂံဒေသဖြစ်ပြီး နိုင်ငံခြားသားများ လာရောက်၍ အလည်အပတ် သွားလာနေသော နယ်စပ်မြို့ဖြစ်သည်နှင့် အညီ တာချီလိတ်မြို့တွင် အထင်ကရ နေရာများဟူ၍ ဘုရင့်နောင်ရင်ပြင်၊ မဟာမြတ်မုနိဘုန်းကြီးကျောင်း၊ မြိ့နယ်ဓမ္မာရုံ နှင့် တာချီလိတ်ရွှေတိဂုံစေတီတော် စသည့် နေရာများရှိရာ နိုင်ငံခြားသား ဧည့်သည်များမှ သွားရောက် လည်ပတ်မှုများ ရှိသည့်အနက် ဘုရင့်နောင်ရင်ပြင်သည် ယခုအခါမှာ ၂၀၀၁ခုနှစ် ၀န်းကျင်မှ စ၍ ယနေ့အချိန်ထိ နေအိမ်အကျယ်ချုပ်သဖွယ် ဖြစ်နေခဲ့ပြီးနောက် ပြန်လည်ပြုပြင်မွမ်းမံမှုများ ယခုနှစ်အတွင်း စတင်နေခဲ့သော်လည်း ပြည်နယ်ဝန်ကြီးချုပ်မှ "ဆောင်ရွက်ခွင့် ဆိုင်းငံ့ထားပြီး လခရ သဘော တူညီချက်ရမှ လုပ်ပါ"ဟု မှတ်ချက်ပြုထားသည့် ညွှန်ကြားချက်ကို သြဂုတ်လ(၁၈)ရက် ရက်စွဲဖြင့် ထုတ်ပြန်လိုက်သည့်အတွက် ဒေသခံပြည်သူများမှသိရှိသွားပြီး "ဆောင်ရွက်ခွင့် ဆိုင်းငံ့ထားပြီး လုံခြုံရေးအရ သဘောတူညီမှ လုပ်ပါ" ဆိုသည့် အသုံးအနှုန်းကြောင့် ဘုရင့်နောင်ရင်ပြင် မွမ်းမံမှု မပြီးစီးမည်ကို စိုးရိမ်ပြီး အလိုမကျဖြစ်နေကြကြောင်း သိရသည်။

( ဘုရင့်နောင် ရင်ပြင် မြင်ကွင်း )

ဘုရင့်နောင်ရင်ပြင် မွမ်းမံမှုကို အမြန်ဆုံး ပြီးမြောက်စေလိုသူ ဒေသခံတစ်ဦးက "ဘုရင့်နောင် မင်းတရားကြီးဆိုတာ တိုင်းသူပြည်သားတွေကိုယ်တိုင်က ရိုသေလေးစားကြတဲ့ မင်းတစ်ပါးပါ ၊ တရုတ်ဖြူ ကျူးကျော်မှုကို တိုက်စစ်ဆင်တဲ့ အချိန်မှာတောင် တဖက် ထိုင်းနိုင်ငံနဲ့ ထိစပ်နေတဲ့ နယ်မြေတွေကို တိုက်ခိုက်ရတဲ့အခါ တစုံတရာ လွဲချော်မှုရှိခဲ့ရင် ထိုင်းပြည်သူတွေဖက်က အထင်အမြင် လွဲမှားမှုမရှိအောင်လို့ စစ်ဆင်ရေးရဲ့အမည်ကိုတောင် သူတို့လေးစားတဲ့ မင်းတရားကြီးရဲ့အမည်ကိုသုံးပြီး ဘုရင့်နောင်စစ်ဆင်ရေးလို့ သုံးစွဲခဲ့ရတဲ့သာဓကတောင် ရှိခဲ့ဖူးပါတယ်။ ခုတော့ဗျာ တာချီလိတ်မြို့ ဂုဏ်ဆောင် ဘုရင့်နောင်မင်းတရားကြီး ရုပ်တုကို လုံခြုံရေး အကြောင်းပြပြီး ဆောင်ရွက်ခွင့် မပြုတာကတော့ မသင့်လျော်ဘူးလို့သုံးသပ်ပါတယ်။ အစိုးရဆိုတာ ပြည်သူတွေရဲ့ ကျန်းမာရေးအတွက် အားကစားကွင်းတွေ ပန်းခြံတွေ ရင်ပြင်တွေ ဆောင်ရွက်ပေးရမယ့် တာဝန်ဟာ မူလတာဝန်တွေပါ"ဟု တာချီလိတ်အွန်လိုင်းသို့ ပြောလာသည်။

"တကယ်ဆို တာချီလိတ်မြို့မှာ ဘာဖြစ်ဖြစ် အမြန်ဆုံးပြီးမြောက်အောင် လုပ်ရမှာပါ။ တစ်ဖက် ထိုင်းနိုင်ငံကနေ ၀င်ရောက်လာတဲ့ နိုင်ငံခြားသားတွေ ခပ်များများပဲ၊ ဒီလိုခရီးသွားတွေအတွက်၊ ဒေသ ကောင်းကျိုးအတွက် အဓိကထား ဦးစားပေး လုပ်ဆောင်သင့်ပါတယ်၊ အခုတော့ ဒီရင်ပြင်လေးကို အကြာကြီး မွမ်းမံနေရတဲ့အပြင် ဆိုင်းငံ့ ဆိုတာက လုပ်လိုက်သေးတယ်။ တာဝန်ယူမှုတွေ မရှိတော့လို့လား၊ ၂၀၁၅ ကုန်သွားမှလား..."ဟု ရင်ပြင်မွမ်းမံမှုအား ကြန့်ကြာနေမှုနှင့် ပတ်သက်၍ မခံမရပ်နိုင်သူ ဒေသခံ စီးပွားရေးလုပ်ငန်းရှင် တစ်ဦးမှလည်း ပြောလာသည်။

"ဒီထုတ်ပြန်ချက်က ပြည်သူတွေ နားလည်မှု နည်းနည်း လွဲနေတာပါ ၂၀၀၁ခုနှစ် ၀န်းကျင်တုန်းက ဘုရင့်နောင်ရင်ပြင်မှာ ဗုံးပေါက်ကွဲခဲ့တဲ့ သာဓက ရှိခဲ့ပါတယ်။ အဲ့ဒီအတွက် အခု ပြန်လည် မွမ်းမံတဲ့အခါမှာ လုံခြုံရေးတွေ စိတ်ချရပြီ ဆိုရင်တော့ ဆက်လုပ်ဖို့ ပါ ပါတယ်"ဟု တာချီလိတ်မြို့နယ် စည်ပင်သာယာရေး ကော်မတီဝင် တစ်ဦးမှ တာချီလိတ်အွန်လိုင်းသို့ ရှင်းပြသည်။

"ပြုပြင်မွမ်းမံမှုကို မရပ်တန့်ထားပါဘူး၊ စည်ပင်သာယာရေးက ဆက်လက်လုပ်သွားမှာပါ၊ အရင်က လုပ်ခွင့်ရထားတဲ့ သူတွေကို သူတို့ရဲ့ ကုန်ကျမှုကို ပြန်လည်အမ်းပေးဖို့လည်း သဘောတူထားပြီးပါပြီ၊ သိန်း (၂၀၀)ကုန်ထားလား၊ သိန်း(၃၀၀)ကုန်ထားလား၊ ပြန်အမ်းပေးသွားမှာပါ။ မွမ်းမံမှုကို စည်ပင်သာယာရေးက ဆက်လက်ပြီး လုပ်ဆောင်သွားမှာဖြစ်ကြောင်း ပြောလိုပါတယ်။"ဟု ဆက်လက်ရှင်းပြသည်။

သြဂုတ်လ(၁၈)ရက် ရက်စွဲဖြင့် ထုတ်ပြန်လိုက်သည့်အတွက် ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ စည်ပင်သာယာရေးဝန်ကြီး ဦးစိုင်းလှဝင်း လက်မှတ်ဖြင့် "တာချီလိတ်ခရိုင်၊ တာချီလိတ်မြို့နယ် စည်ပင်သာယာရေးအပိုင် ဘုရင့်နောင်ရုပ်တုရင်ပြင်နှင့် ပန်းခြံအား ပြုပြင်ထိန်းသိမ်းရန် နှင့် ပတ်သက်၍ (၂၂.၇.၂၀၁၄) ရက်နေ့မှ (၂၄.၇.၂၀၁၄)ရက်နေ့ အထိ ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်ဝန်ကြီးချုပ်၏ ကျိုင်းတုံ၊ တာချီလိတ်ခရီးစဉ်အတွင်း လမ်းညွှန်မှာကြားချက်အရ (၂၈.၇.၂၀၁၄)ရက်နေ့တွင် ကျင်းပပြုလုပ်ခဲ့သော ရှမ်းပြည်နယ် စည်ပင်သာယာရေးကော်မတီ၏ လုပ်ငန်းညှိနှိုင်း အစည်းအဝေး (၁၃/၂၀၁၄) ဆုံးဖြတ်ချက်ပါ အတိုင်း ဆက်လက်ဆောင်ရွက်ခွင့် ပြုနိုင်ပါရန် ရည်ညွှန်းပါစာဖြင့် တင်ပြလာမှုအပေါ် ပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ်မှ "ဆောင်ရွက်ခွင့် ဆိုင်းငံ့ထားပြီး လခရ သဘောတူညီချက်ရမှ လုပ်ပါ"ဟု မှတ်ချက်ပြု ညွှန်ကြားထားပါသဖြင့် သိရှိလိုက်နာ ဆောင်ရွက်ရန် အကြောင်းကြားပါသည်။"ဟု ရေးသားဖော်ပြထားတာကြောင်း သိရှိရသည်။

"ကိုယ်ကျိုးအတွက် မပါပဲ မြို့ရဲ့ပြယုဒ် အဖြစ် လုပ်တာဆိုရင်တော့ ပြည်နယ်အစိုးရအနေနဲ့လည်း ဒီလောက်ကိစ္စလေးကိုတော့ အမြန်ပြီးစီးဖို့ ဖိအားပေးသင့်၊ ခွင့်ပြုသင့်သလို အောက်ခြေက တာဝန်ရှိသူတွေကလည်း ဖိဖိစီးစီးနဲ့ အမြန်ဆုံး အကောင်အထည်ဖော်သင့်တဲ့ ကိစ္စပါ။ နယ်စပ်တံတားနဲ့ မနီးမဝေးမှာ ရှိနေတဲ့ အတွက် ပိုလို့တောင် လုပ်သင့်ပါတယ်.."ဟု ဒေသခံတစ်ဦးဖြစ်သူ ဆန်ဆိုင်းရပ်ကွက်နေ ရှမ်းတိုင်းရင်းသား တစ်ဦးမှလည်း တာချီလိတ်အွန်လိုင်းသို့ ပြောလာသည်။

တာချီလိတ်မြို့ဂုဏ်ဆောင် ဘုရင့်နောင်ရင်ပြင် မွမ်းမံမှုကို တာချီိလိတ်ဒေသခံများမှ အမြန်ဆုံး ပြီးမြောက်စေလိုကြပြီး ရင်ပြင်အား ယခင်လို ပိတ်ထားသည်ဖြစ်စေ၊ ဆိုင်းငံ့ ရပ်တန့်ထားသည်ဖြစ်စေ ဒေသခံများမှ လက်ခံနိုင်မှာ မဟုတ်ကြောင်းကို ဘုရင့်နောင်ရင်ပြင် အမြန်ဆုံး ပြီးမြောက်စေလိုသည့် ဒေသခံ တိုင်းရင်းသားများနှင့် ပြည်သူများ၏ ပြောကြားချက်များအရ သိရှိရသည်။

သတင်း ။  ။ ကိုဇောင်း
~⊱•❈❀ღ✿⊰❂⊱✿ღ❀❈•⊰~
Tachileik Online News
~⊱•❈❀ღ✿⊰❂⊱✿ღ❀❈•⊰~
~~~~~~~~~ ကြော်ငြာ ~~~~~~~~~