ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်ခရိုင်၊ တာချီလိတ်မြို့တွင် ကျေးဇူးရှင် ဘိုးဘေး တို့အား အောက်မေ့သတိရပြီး ကျေးဇူးဆပ် ပူဇော်ပွဲမှတဆင့် ကျင်းပလာခဲ့သည့် အာခါတိုင်းရင်းသားများ၏ သတ္တမအကြိမ်မြောက် အာခါရိုးရာ ခါးထောင်းဖား စုပေါင်းနှစ်သစ်ကူး ပွဲတော် ဖွင့်ပွဲအခမ်းအနားကို ဒီဇင်ဘာ ၉ ရက်၊ နံနက် ၁၀ နာရီက ရှမ်းရိုးမကွင်း၌ စည်ကားသိုက်မြိုက်စွာ ကျင်းပသည်။
ရှေးဦးစွာ အာခါတိုင်းရင်းသား လူငယ်၊ မောင်မယ်များက ခါးထောင်းဖား ပွဲတော်အား
တေးသံသာများဖြင့် သီဆိုကြိုဆိုကြပြီး၊ တပ်နယ်မှ ဗိုလ်မှူးကြီး ဇော်နိုင်ဦး၊ ပွဲတော်ကျင်း ပရေးကော်မတီ ဥက္ကဋ္ဌ ဦးချစ်ဂျွေ့၊ မိုင်းလားမြို့ နှင့် ထိုင်းနိုင်ငံ တို့မှ ဧည့်သည်တော်တို့က
အခမ်းအနားကို ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးသည်။
ဆက်လက်၍ တပ်နယ်မှ ဗိုလ်မှူးကြီး ဇော်နိုင်ဦး က သတ္တမအကြိမ်မြောက် အာခါရိုးရာ ခါးထောင်းဖားစုပေါင်းနှစ်သစ်ကူးပွဲတော် သို့ နှစ်သစ်ကူး သ၀ဏ်လွှာအား ချီးမြှင့်ရာတွင် အာခါတိုင်းရင်းသားများ၏ ၀မ်းမြောက် ဂုဏ်ယူဖွယ် ခါးထောင်းဖား စုပေါင်းနှစ်သစ်ကူး
နေ့ထူးနေ့မြတ် ဖြစ်ကြောင်း၊ အာခါလူမျိုးများအနေဖြင့် ရိုးရာဓလေ့ကို
မြတ်နိုးတန်ဖိုးထားသည့် တိုင်းရင်းသားလူမျိုးတစ်မျိုးဖြစ်သည့်အလျောက် ယနေ့တိုင် မိမိတို့၏ယုံကြည်ကိုးကွယ်မှု၊ မိမိတို့၏ ဘာသာစကား၊ မိမိတို့၏ ရိုးရာယဉ်ကျေးမှု၊
မိမိတို့၏ ၀တ်စားဆင်ယင်မှု အစရှိသည့် အမွေအနှစ်များကို ခေတ်အစဉ်အဆက် ထိန်းသိမ်းလာခဲ့သည်ကို တွေ့ရကြောင်း၊ တိုင်းရင်းသားအချင်းချင်း စည်းလုံးညီညွတ်မှုကို အခြားသောတိုင်းရင်းသားများနှင့်အတူ လက်တွဲပြီး လက်တွေ့အကောင် အထည်ဖော် ကြရန်၊
နိုင်ငံ့ဂုဏ်၊ မိမိတို့၏ လူမျိုးစုဂုဏ်ကို ဖော်ဆောင်ပြီး ၊ အာခါတိုင်းရင်းသားများအားလုံး စည်းလုံးညီညွတ်သောအားဖြင့် ခါးထောင်းဖား စုပေါင်းနှစ်သစ်ကူး ပွဲတော်ကို စဉ်ဆက်မပြတ် ကျင်းပနိုင်ပါစေကြောင်း ဆုတောင်းပြောကြားသည်။
ထို့နောက် အာခါတိုင်းရင်းသားများကိုယ်စား ပွဲတော်ကျင်းပရေးကော်မတီ နာယက ဦးမင်းညို က နှစ်သစ်နှုတ်ခွန်းဆက်စကား ပြောကြားပြီး၊ အာခါတိုင်းရင်းသား လူငယ်၊ မောင်မယ်များ က ရိုးရာယဉ်ကျေးမှု အကများဖြင့်ဖျော်ဖြေတင်ဆက်ခဲ့ကြောင်း
သိရသည်။
ဝေယံလင်း(iprd)