ရှမ်းပြည်နယ် အရှေ့ပိုင်းဒေသ၊ သုံးနိုင်ငံ နယ်စပ်မြို့ဖြစ်သည့် တာချီလိတ်မြို့တွင် ထိုင်း - မြန်မာ အမှတ်(၁) ချစ်ကြည်ရေးတံတားအား အချိန်တိုးမြှင့်ဖွင့်လှစ်လိုက်ခြင်းကြောင့် နှစ်နိုင်ငံမြို့ခံများ သွားလာရေး ပိုမိုအဆင်ပြေလာကြောင်းသိရသည်။
“ကျွန်တော် တစ်နေကုန် အလုပ်လုပ်နေတော့ ညပိုင်းလောက်မှအားတာ အခု တံတားက ည(၈)နာရီခွဲထိ ဖွင့်တော့ မုန့်သွားစားတာတို့ သွားလည်တာတို့ ပိုအဆင်ပြေတာပေါ့”ဟု ကိုလင်းလင်းမှ ပြောသည်။
ထိုင်း - မြန်မာ အမှတ်(၁) ချစ်ကြည်ရေးတံတားအား ၂၀၁၅ ခုနှစ် ဇန်န၀ါရီလ (၁)ရက်နေ့မှ စတင်၍ ပုံမှန် နံနက်(၆)နာရီ ညနေ(၆)နာရီထိ ဖွင့်လှစ်နေရာမှ ည(၈)နာရီအချိန်ထိ နှစ်နိုင်ငံ သဘောတူညီမှုဖြင့် တိုးမြှင့် ဖွင့်လှစ်လိုက်ခြင်းဖြစ်သည်။
“အရင်တုန်းက ညနေ(၆)နာရီဆို တံတားမှ ကားတွေပိတ်နေတာ တာချီလိတ်ကို ပြန်တဲ့ကားနဲ့ မယ်ဆိုင်ကို သွားတဲ့ကား အခုတော့ ရှင်းသွားတယ်”ဟု တာချီလိတ်မြို့ခံ ဒေါ်စောဥမ္မာမှပြောသည်။
တာချီလိတ်မြို့နှင့် မယ်ဆိုင်မြို့တို့အား ဆက်သွယ်ထားသည့် ထိုင်း - မြန်မာချစ်ကြည်ရေးတံတား အမှတ်(၁)အား အချိန်တိုးမြှင့် ဖွင့်လှစ်နိုင်ရန် နိုင်ငံတော်အဆင့် အစည်းအဝေးများတွင် ထိုင်းနိုင်ငံမှ တောင်းဆိုခဲ့ခြင်း ဖြစ်ကြောင်း၊ ပထမအကြိမ် စတင်ဖွင့်လှစ်နိုင်ရန် ၂၀၁၄ ခုနှစ် ဇန်န၀ါရီလအတွင်းမှာ သတ်မှတ်ခဲ့သော်လည်း ထိုင်းနိုင်ငံ၏ နိုင်ငံရေးတည်ငြိမ်မှုမရှိသည့် အတွက် ထိုင်းနိုင်ငံ၊ မယ်ဆိုင်မြို့ဘက်ခြမ်းမှ ဖွင့်လှစ်နိုင်ခဲ့ခြင်း မရှိကြောင်းနှင့် ၂၀၁၅ ခုနှစ် ဇန်န၀ါရီ (၁)ရက်နေ့မှသာ နှစ်နိုင်ငံ သဘောတူညီချက်ဖြင့် အတည်ပြု၍ အချိန် တိုးမြှင့်ဖွင့်လှစ်နိုင်ခဲ့ကြောင်း သိရသည်။
"ညပိုင်း တံတားဖွင့်ချိန်မှာ လုံခြုံရေးအရ ပစ္စည်းသယ်ယာဉ်များဖြစ်တဲ့ မှန်လုံကား၊ သုံးဘီးဆိုင်ကယ် နဲ့ ပစ်ကပ်ကားတွေ ကုန်ပစ္စည်းသယ်ယာဉ်တွေကို သွားခွင့်မပေးဘူး၊ ပစ္စည်းတွေကိုလည်း လက်တစ်ဆွဲပဲ ခွင့်ပြုပေးထားပါတယ်၊ ဥပမာ ရေခဲသေတ္တာတွေ၊ ကြီးကြီးမားမား ပစ္စည်းတွေ သယ်လာတယ်ဆိုရင် ချက်ချင်းပဲ ပစ္စည်းကိုရော၊ ယာဉ်ကိုရော လူကိုရော နောက်ပြန် လှည့်ခိုင်းမယ်၊ ထိုင်းဘက် လ၀က ကိုလည်း ပြောထား ပြီးပြီ၊ ညပိုင်းတော့ အိမ်သုံးကားတွေ၊ ဆိုင်ကယ်တွေကိုဘဲ ခွင့်ပြုပေးထားပါတယ်"ဟု တာချီလိတ်ခရိုင်လ၀က ဒု-ညွှန်ကြားရေးမှူး ဦးကျော်စွာလွင်မှ ပြောသည်။
ချစ်ကြည်ရေးတံတားအမှတ်(၁)အား အချိန်တိုးမြှင့်ဖွင့်လှစ်သည့် ညပိုင်းအချိန်တွင် သွားရောက်လိုသူများ အနေနှင့် တံတားဖွင့်ချိန်ဖြစ်သည့် နံနက်(၆)နာရီမှ ည(၆)နာရီတွင်သာ ယာယီ နယ်စပ်ဖြတ်သန်းခွင့် လက်မှတ်(TBP) ပြုလုပ်ပေးခြင်းနှင့် နယ်စပ်ဖြတ်သန်းခွင့် လက်မှတ်(BP) ထုတ်ပေးခြင်း များကို ပြုလုပ်ပေးမှာဖြစ်ပြီး ညပိုင်း ဖွင့်လှစ်ချိန်မှာတော့ ပြုလုပ်ပေးမှာ မဟုတ်ကြောင်း၎င်းမှ ပြောသည်။
“ညပိုင်းဖွင့်တာ ကောင်းပါတယ် ဒါပေမယ့် မူးယစ်ဆေးဝါးနဲ့ မလွတ်ကင်းတာတွေ၊ တားမြစ်ဆေးတွေနဲ့ မလွတ်ကင်းတဲ့ လူငယ်တွေအနေနဲ့ ညပိုင်းမသွားတာ အကောင်းဆုံးဘဲ အခု ထိုင်းရဲတပ်ဖွဲ့ဝင်တွေက နေ့ပိုင်းတောင် မြန်မာလူငယ်တွေကို မူးယစ်ဆေးဝါးသုံးစွဲထားခြင်း ရှိ/မရှိကို ဆီးစစ်ဆေးနေတာ ညပိုင်းဆိုတော့ ပိုပြီး တင်းတင်းကြပ်ကြပ်စစ်မှာပေါ့..”ဟု တာချီလိတ်မြို့ ဒေသခံတစ်ဦးမှ ပြောသည်။
နှစ်နိုင်ငံ နယ်စပ် ဆက်ဆံရေးရုံးများ ကြီးကြပ်မှုကော်မတီ ( BLO ) အဖွဲ့ဝင်များမှ ၂၀၁၄ ခုနှစ် ဒီဇင်ဘာ(၂၅) ရက်နေ့တွင် ထိုင်းနိုင်ငံ၊ မယ်ဆိုင်မြို့ ရဲတပ်ဖွဲ့စခန်းအစည်းအဝေးခန်းမ၌ မြန်မာနိုင်ငံသားများအား ထိုင်းရဲတပ်ဖွဲ့မှ မူးယစ်ဆေးဝါး သုံးစွဲထားခြင်း ရှိ/မရှိ“ဆီး”စစ်ဆေးခြင်း ကိစ္စရပ်နှင့် ပတ်သက်၍ ညှိုနှိုင်း အစည်းအဝေးတွင် မြန်မာနိုင်ငံသားများအား “ဆီး”စစ်ဆေးခြင်းကို အတတ်နိုင်ဆုံးလျှော့ပေါ့ စစ်ဆေးသွားရန်နှင့် ယာယီနယ်စပ် ဖြတ်သန်းခွင့်လက်မှတ် ကိုင်ဆောင်ထားသူများအား သတ်မှတ်ထားသော နယ်မြေအတွင်း “ဆီး” စစ်ဆေးခြင်းများ မပြုလုပ်ရန်တို့ကို အစည်းအဝေးဆုံးဖြတ်ချက် အဖြစ်ချမှတ်ခဲ့ကြောင်း အစည်းအဝေးဆုံးဖြတ်ချက် အရသိရသည်။
“ခရီးသွားအများစုက မြန်မာနိုင်ငံရဲ့ တိုင်းရင်းသား ဓလေ့ထုံးစံတွေ၊ ယဉ်ကျေးမှုတွေ သဘာဝ တောတောင်ရေမြေတွေကို အများဆုံးလာရောက် ကြည့်ရှုကြတာများတယ်”ဟု နိုင်ငံခြားဧည့်လမ်းညွှန် တစ်ဦးမှ ပြောသည်။
ထိုင်းနိုင်ငံသားများသည် မြန်မာနိုင်ငံ တာချီလိတ်၊ ကျိုင်းတုံမြိုနှင့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ဒေသ(မိုင်းလား) သို့ အုပ်စုလိုက် သွားရောက်လည်ပတ်ခြင်းများရှိပြီး ထိုင်းနိုင်ငံသားနှင့် တရုတ်နိုင်ငံသားတို့ အလည်အပတ်များ ကြောင့်လဲ ခရီးသွားလုပ်ငန်း အသိုင်းအ၀ိုင်း၏ ပြောပြချက်အရသိရသည်။