ရှမ်းပြည်နယ် အရှေ့ပိုင်း၊ တာချီလိတ်မြို့ ရှမ်းရိုးမကွင်းတွင် အမျိုးဘာသာ၊ သာသနာ ကိုယ်သာ စောင့်ရှောက်ရာ အဖွဲ့၏ (၂၇)ကြိမ်မြောက် ဓမ္မပူဇာသဘင်အား ဇန်န၀ါရီ (၁၄)ရက်မှ ဇန်န၀ါရီ (၂၅)ရက်ထိ (၁၂)ရက်တိုင် ကျင်းပပြုလုပ်လျှက်ရှိကြောင်း သိရသည်။
“အမျိုးဘာသာ၊ သာသနာ ကိုယ်သာစောင့်ရှောက်ရာအဖွဲ့ ဆိုတာ လူကြီး လူငယ် ပရဟိတ၀ါသနာပါတဲ့ သူတွေ အားလုံးနဲ့ စုထားတာပါ အဖွဲ့ဝင် အရေအတွက်တို့ ဖွဲ့စည်းပုံတို့ ဆိုတာမရှိဘူး လုပ်စရာရှိတာ လုပ်ကြတယ် တရားပွဲရှိတယ်ဆိုရင် သူဟာသူ လာလုပ်ကြတာဘဲ”ဟု တရားပွဲများကို ဦးစီးဦးဆောင်သူ ဦးမျိုးမြင့်အောင်မှပြောသည်။
အမျိုးဘာသာ၊ သာသနာ ကိုယ်သာစောင့်ရှောက်ရာ အဖွဲ့အား ၂၀၀၁ ခုနှစ်တွင် စတင်ဖွဲ့စည်းခဲ့ပြီး တရားပွဲများအား နှစ်စဉ်မပြတ် ပြုလုပ်လျှက်ရှိကြောင်း၊ ယခုကျင်းပသည့် တရားပွဲသည် အမျိုးဘာသာ၊ သာသနာ ကိုယ်သာစောင့်ရှောက်ရာ အဖွဲ့အနေဖြင့် ၂၀၁၅ ခုနှစ်တွင် ပထမဆုံးပြုလုပ်သည့် ဓမ္မပူဇာ ဓမ္မသဘင်ဖြစ်ကြောင်းနှင့် ဆက်လက်၍ (၄)ကြိမ်ပြုလုပ်မည်ဖြစ်ကြောင်း သိရသည်။
“တရားပွဲတွေ ပေါ်လာလို့ အခုဆို မြို့ပေါ်မှာ လူမှုကူညီရေး အသင်းတွေ အများကြီးပေါ်လာတာ ၀မ်းသာစရာပါ”ဟု တရားပွဲလာသော အဘွားတစ်ဦးမှ ပြောသည်။
(၁၂)ရက်ဆက်တိုက် ကျင်းပမည့် တရားပွဲတွင် တရားဟောမည့် ဆရာတော်များမှာ သီတဂူကမ္ဘာဗုဒ္ဓတက္ကသိုလ်အဓိပတိ (သဲကုန်းသီတဂူဆရာတော်) ဒေါက်တာ အရှင်ဥာဏိဿရ၊ သီတဂူ အရှင်ဒေ၀ိန္ဒာဘိဝံသ၊ ဥူးနန္ဒမဉ္စူသာ(မဟာကန်ပတ်လက်)၊ အရှင်သာဂရ(ရွှေမော်ကျွန်း)၊ အရှင်သိရိဒတ္တာလင်္ကာရ နှင့် ဥူးသုမင်္ဂလ(ဒယ်အိုးလေးဆရာတော်) တို့ဖြစ်ကြပြီး ဆရာတော်(၆)ပါးမှ တရားတော်ဟောကြားမည် ဖြစ်ကြောင်း သိရသည်။
ဇန်န၀ါရီ (၁၄)ရက်နေ့တွင် သီတဂူဆရာတော် အရှင်ဥာဏိဿရမှ "အပ္ပမ္မာဒနာ" ခေါင်းစဉ်ဖြင့် တရားတော်ဟောကြားခဲ့ပြီး၊ ဇန်န၀ါရီ (၁၅)ရက်နေ့တွင် "သတိတရားအမြဲရှိနေစေရန်" ခေါင်းစဉ်ဖြင့် တရားတော်ချီးမြှင့်ခဲ့ကြောင်းနှင့် တာချီလိတ်မြို့သူမြို့သား များမှ န၀ကမ္မအလှူငွေအဖြစ် (၂)ရက်ပေါင်း ဘတ်(၆)သောင်းကျော် လှူဒါန်းကြည်ညိုခဲ့ကြောင်း တရားပွဲ အလှူငွေလက်ခံရေးအဖွဲ့မှ မဇာခြည်နွေးထံမှသိရသည်။