ကျောက်မဲမြို့နယ်အတွင်း ဇူလိုင်လမှစ၍ ကြက်ဥကြက်သားဈေးနှုန်းကျဆင်း၍ ပြင်ဦးလွင်အထိ တင်ပို့နေရ
ရှမ်းပြည်နယ် (မြောက်ပိုင်း) ကျောက်မဲမြို့နယ်အတွင်း ကြက်ငှက်တုပ်ကွေးရောဂါဖြစ်ပွားမည်ကို စိုးရိမ်မှုများကြောင့် ဇူလိုင်လမှစ၍ ကြက်ဥ၊ ကြက်သားဈေးနှုန်းကျဆင်းပြီး ရောင်းအားကျလာသဖြင့် ပြင်ဦးလွင်အထိပါ တင်ပို့ရောင်းချနေရကြောင်း သိရသည်။
“ကြက်ငှက်တုပ်ကွေးရောဂါက ဖြစ်ပွားမှုမရှိပါဘူး။ ဒါပေမဲ့ စားသုံးသူတွေက အဲဒီရောဂါစတင်လာတဲ့အချိန် ကစပြီး ကြက်ဥ၊ ကြက်သားဝယ်ယူမှုနှုန်း ကျဆင်းသွားတယ်။ ဈေးတွေလည်း ခဏခဏ ကျရတယ်။ ဒီနှစ် မိုးရာသီထဲမှာ ကြက်ဥဈေး တစ်ပိဿာကို (၁၄၀၀) ကျပ်ဝန်းကျင်အထိ ကျထားတယ်။ လတ်တလော ဈေးနှုန်းလည်း တည်ငြိမ်မှုမရှိဘူး။ တစ်ချို့လုပ်ငန်းရှင်တွေကတော့ ပြင်ဦးလွင်ဘက်ကို ဆင်းပြီး ရောင်းနေရတယ်” ဟု ကျောက်မဲရှိ တံခွန်စုပေါင်းမွေးမြူရေးဇုန်မှ ကြက်မွေးမြူရေးလုပ်ငန်းရှင်တစ်ဦးဖြစ်သည့် ကိုမောင်ကြီးက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။
ကြက်ဥတစ်ပိဿာဈေးနှုန်းမှာ ဇွန်လအတွင်းက ကျပ်(၂၄၀၀) ဝန်းကျင်အထိရှိခဲ့သော်လည်း သြဂုတ်လအတွင်း တစ်ပိဿာလျှင် ကျပ်(၁၄၀၀)ဝန်းကျင်အထိ ဈေးနှုန်းကျဆင်းသွားပြီး အများဆုံးမှာ ကျပ်(၂၀၀၀)အထိသာ ရောင်းချရကြောင်း သိရသည်။
“ကြက်ဥတစ်ပိဿာရဲ့အရင်းက ကျပ်(၁၈၀၀)ရှိတယ်။ အခု တစ်ပိဿာမှ (၂၀၀၀)ကျပ်ပဲရတာဆိုတော့ (၂၀၀) မြတ်တယ်ဆိုပေမဲ့ ဥစားကြက်ကို အရွယ်ရောက်တဲ့အထိမွေးထားရတဲ့ ကုန်ကျစရိတ်ကိုပြန်မရဘူး။ ရှုံးတယ် ဆိုပေမဲ့လည်း ရတဲ့ဈေးနဲ့ပဲရောင်းရတာပဲ။ ဈေးပြန်တက်လာမယ့်အချိန်ကိုပဲ မျှော်လင့်နေရတယ်” ဟု မွေးမြူရေးလုပ်ကိုင်သူတစ်ဦးက ပြောသည်။
ဒေသတွင်း ကြက်မွေးမြူရေးခြံများအား မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနက စစ်ဆေးမှုများ၊ ရောဂါမဖြစ်ပွားစေရန် ကြိုတင်ကာကွယ်ရေး လုပ်ငန်းများဆောင်ရွက်ရန် ညွှန်ကြားခြင်းတို့အား လုပ်ဆောင်ပေးနေကြောင်း သိရသည်။
ဒေသတွင်း အသားစားကြက်ဈေးနှုန်းများလည်း ကျဆင်းလျက်ရှိပြီး ယခင်က အသားတိုးကြက်တစ်ပိဿာလျှင် ကျပ် (၄၀၀၀)ဝန်းကျင်ခန့်ရှိခဲ့သော်လည်း လက်ရှိတွင် တစ်ပိဿာလျှင် ကျပ် (၂၀၀၀)ခန့်သာ ရရှိနေပြီး အသားတိုးကြက်တစ်ပိဿာအတွက် ကုန်ကျစရိတ်အရင်းအနှီးမှာ ကျပ် (၃၀၀၀)ဝန်းကျင်အထိရှိကြောင်း သိရသည်။
သတင်း၊ဓာတ်ပုံ #နေဖြိုးမြင့်
