( တင်ရန် ) တာချီလိတ်မြို့အတွင်း တစ်ပိုင်တစ်နိုင် ကုန်ပစ္စည်းတင်သွင်းခွင့် ဧရိယာပြင်ပမှ ဒေသများတွင် ကုန်ဈေးနှုန်းကြီးမြင့်နေ

( တင်ရန် ) တာချီလိတ်မြို့အတွင်း တစ်ပိုင်တစ်နိုင် ကုန်ပစ္စည်းတင်သွင်းခွင့် ဧရိယာပြင်ပမှ ဒေသများတွင် ကုန်ဈေးနှုန်းကြီးမြင့်နေ
ဇွန် 1, 2016
By Tachileik News Agency

ကိုဇက်(Tachileik News Agency)
တာချီလိတ်၊ မေလ(၂၇)ရက်
ထိုင်းနိုင်ငံနယ်စပ် ရှမ်းပြည်နယ် တာချီလိတ်မြို့တွင် ထိုင်းနိုင်ငံနယ်နိမိတ်နှင့် (၈)မိုင်ဧရိယာအတွင်း ဒေသများအတွက် ထိုင်းနိုင်ငံထုတ်ကုန်များ တင်သွင်းလိုပါက ရှမ်းပြည်နယ်အစိုးရအား အခွန်ငွေ(၃)ရာခိုင်နှုန်းပေးသွင်းပြီး တစ်ပိုင်တစ်နိုင် တင်သွင်းခွင့်ပြုထားသော်လည်း အဆိုပါ ဧရိယာထက်ကျော်လွန် ပို့ဆောင်ခွင့်ပေးမထားသဖြင့် နယ်စပ်ကုန်သွယ်ရေးစခန်း၏ တဖက်ခြမ်းမှ ကျေးရွာများတွင် ကုန်ဈေးနှုန်းကြီးမြင့်နေကြောင်း သိရသည်။

အဆိုပါဒေသများသို့ တင်သွင်းလိုပါက ပေးဆောင်ရသည့် အခွန်နှုန်းထားပိုများသဖြင့် ဈေးနှုန်းမြင့်သွားခြင်းဖြစ်ကြောင်း သိရသည်။"နယ်စပ်ကုန်သွယ်ရေးစခန်းရဲ့ ကျော်လွန်သွားတဲ့
တစ်ဖက်ခြမ်းမှာရှိတဲ့ ကျေးရွာက ဥပဒေအရ အခွန်ဆောင်ပြီး စားနေရတဲ့အချိန်မှာ တာချီလိတ်နဲ့ အနီးနားက ကျေးရွာတွေက ဈေးနှုန်းသက်သက်သာသာနဲ့ စားသောက်နေရတယ်။ ဒါကို ဥပဒေအရဆိုပေမဲ့ ကျွန်တော့်အနေနဲ့ကတော့ သံလွင်မြစ်အရှေ့ခြမ်းမှာရှိတဲ့ ရှမ်းပြည်နယ်အရှေ့ပိုင်းဒေသတွေကို အစိုးရက ဖြေလျှော့ပေးမှသာ ဒေသခံတွေအနေနဲ့ သက်တောင့်သက်သာနဲ့ အဆင်ပြေနိုင်မယ်လို့ ထင်တယ်"ဟု တာချီလိတ်ခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးတင်ဝင်းရွှေက ပြောသည်။

 ရှမ်းပြည်နယ်အရှေ့ပိုင်းဒေသများတွင် ထိုင်းနိုင်ငံမှ တင်သွင်းလာသော အခြေခံစားသောက်ကုန်နှင့် လူသုံးကုန်များကို အဓိက အားထားနေရသဖြင့် အစိုးရသစ်လက်ထက်တွင် သွင်းကုန် အခွန်စည်းကြပ်မှုနှုန်းထားများ လျှော့ပေါ့ပေးစေလိုကြောင်း ဒေသခံကုန်သည်များက ဆိုသည်။

" တာချီလိတ်ကထွက်ရင် အရင်တုန်းကတော့ သွင်းကုန်လိုင်စင်မပါတဲ့ ကုန်တွေကို ဖမ်းဆီးတာတွေရှိတယ်။ Mobile Team ရှိတုန်းကပေါ့။ အခုလည်း တအားကြီး မဟုတ်တောင် ဥပဒေအရဆိုရင် ကုန်ပစ္စည်းတွေကို သွင်းကုန်လိုင်စင်မရှိဘဲ သယ်ခွင့်မရှိဘူး။ ဒါကြောင့် တာချီလိတ်မြို့က ထွက်ရင် တစ်ခြားမြို့တွေမှာ စားသောက်ကုန်ဈေးနှုန်းတွေကြီးနေတယ်။ ဒါကိုတော့ အစိုးရသစ်အနေနဲ့ ဖြေလျှော့သင့်တယ်လို့ထင်တယ်"ဟု ကျိုင်းတုံမြို့မှ ကုန်သည်တစ်ဦးဖြစ်သူ စိုင်းခမ်းယီက ပြောသည်။

တာချီလိတ်ခရိုင် သံလွင်အရှေ့ခြမ်းတွင်ရှိသော ဒေသအများစုသည်  ပြည်တွင်းမှ မှာယူသုံးစွဲပါက ကုန်စည်ပို့ဆောင်ခ ဈေးနှုန်းမြှင့်မားမှုကြောင့် ထိုင်းနိုင်ငံမှ အခြေခံ လူသုံးကုန်နှင့် စားသောက်ကုန်များအား အဓိကအားထားနေရခြင်းဖြစ်သော်လည်း ထိုင်းနိုင်ငံမှ အခြေခံစားသောက်ကုန်နှင့် လူသုံးကုန်များအား ရှမ်းပြည်နယ်အရှေ့ပိုင်းရှိ မြို့နယ်များသို့ တင်သွင်းရာတွင် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ၀န်ကြီးဌာနတွင် သွင်းကုန်လိုင်စင်ပြုလုပ်ရသဖြင့် တာချီလိတ်မြို့နယ်ထက် ကုန်စည်ဈေးနှုန်းကြီးမြင့်ခြင်းဖြစ်ကြောင်း သိရသည်။
ချစ်ကြည်ရေးတံတားအမှတ်(၁)မှ ရှမ်းပြည်နယ်အစိုးရ၏ အစီအစဉ်ဖြင့် ၂၀၀၈ အခြေခံဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၂၅၈(က)ဇယား(၅)ပြဌာန်းချက်ဖြင့် ထိုင်းနိုင်ငံမှ သွင်းကုန်များအပေါ်နယ်စပ်ဒေသနေ ပြည်သူများအား တစ်ပိုင်တစ်နိုင် ကုန်သွယ်မှုအား အခွန်ငွေ(၃)ရာခိုင်နှုန်းဖြင့် ၂၀၁၃ ခုနှစ်တွင် စတင်ကောက်ခံခဲ့ခြင်းဖြစ်ပြီး ၂၀၁၅ ခုနှစ်တွင် အခွန်ငွေစုစုပေါင်း ကျပ်သိန်းပေါင်း(၂၃၀၀)ကျော်ရရှိခဲ့ပြီး လစဉ်အခွန်ငွေကျပ်သိန်းပေါင်း (၂၀၀)ကျော်ရရှိကြောင်း အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ သိရသည်။

 #TachileikNewsAgency#TachileikOnlineNewswww.tachileik.net