Hand’s Together စီးပွားရေးလုပ်ငန်းတစ်ခု စတင်ခြင်း အစီအစဉ်က မန္တလေးတိုင်းမှ စွန့်ဦးတီထွင်သူ (၅)ဦးအား ရွေးချယ်လိုက်ကြောင်း သိရသည်။
အဆိုပါ အစီအစဉ်က မန္တလေးတိုင်းအတွင်းမှ လျှောက်ထားသူ(၂၃)ဦးအား စီးပွားရေးလုပ်ငန်းစတင်နိုင်ရန် အကောင်းဆုံး ပြင်ဆင်နိုင်ခြင်းအတွက် ရှစ်ပတ်အကြာ သင်တန်းပို့ချပေးပြီးနောက် ယင်းကဲ့သို့ ရွေးချယ်လိုက်ခြင်းဖြစ်ကြောင်း သိရသည်။
ရွေးချယ်ပွဲကို သြဂုတ်လ၏ စတုတ္ထအပတ်အစက မန္တလေးမြို့ AAT Business Park တွင်ပြုလုပ်ခဲ့ပြီး အဆိုပါ အစီအစဉ်ကို ဦးဆောင်ပြုလုပ်သည့် ILO အဖွဲ့အစည်းမှ Master Trainer နှင့် မြန်မာနိုင်ငံသား စီးပွားရေးလုပ်ငန်းရှင်များ စုစုပေါင်း အကဲဖြတ်ဒိုင် (၁၀) ဦးက ဆုံးဖြတ် ရွေ့းချယ်ခဲ့ကြကြောင်းသိရသည်။
“သင်တန်းတက်တဲ့သူတွေ အားလုံးက အရမ်းကိုတော်ကြပါတယ်။ ဖြစ်နိုင်ရင် ဆုကိုအားလုံးကိုပဲ ပေးလိုက်ချင်တယ်။ ဒါတောင်မှ အမှတ်တွေက တိုက်နေတဲ့အတွက် ဒုတိယနှစ်ယောက်၊ တတိယနှစ်ယောက် ဖြစ်သွားတယ်။ တချို့လည်း ဆုမရပေမဲ့ လက်ရှိလုပ်ငန်းခွင်ထဲမှာ ကျင်လည်နေကြပြီ။ ကျွန်မတို့ကသူတို့ကို ဈေးကွက်အတွင်း ဘယ်လို ထိုးဖောက်ရမယ်ဆိုတဲ့နည်းပညာကို စနစ်တကျ သိရှိအောင် သင်ကြား ပေးတာပါ။ ဒါမှလည်း အသေးစားနဲ့အလတ်စား စီးပွားရေးလုပ်ငန်းလေးတွေ ဖွံဖြိုးလာပြီး ကျွန်မတို့နိုင်ငံအနေနဲ့ တိုးတက်လာမှာဖြစ်ပါတယ်။” ဟု သင်တန်းဆရာမကြီး ဒေါ်အေးအေးသန့်က ဆိုသည်။
စကာတင် (၂၃) ဦးမှ ရွေးချယ်လိုက်ရာ ပထမဆု ကိုရဲထွဋ်၊ ဒုတိယဆု ကိုသာထက်မိုးနှင့် ကိုမျိုးနိုင်ဦး၊ တတိယဆု မစန္ဒီမင်းမင်းနှင့် ကိုသန်းထွန်းတို့ကို ရရှိသွားခြင်းဖြစ်သည်။
“ဒီသင်တန်းကို တက်လိုက်မှ စီးပွားရေးအတွေးအမြင်တွေ အများကြီး ပြောင်းလဲသွား ပါတယ်။ ငွေကြေးပိုင်းနဲ့ ကိုယ့်ဝန်ထမ်းတွေကို ဘယ်လိုအုပ်ချုပ်ရမယ်ယ်ဆိုတာ၊ ဈေးကွက်အတွက် ကိုယ့်ပစ္စည်း လူအများအသုံးပြုချင်လာအောင် ဘယ်လိုလုပ်ရမယ်ဆိုတာတွေ သိလာရတယ်။ လက်တွေ့မှာလည်း အသုံးတည့်ပြီး စာတွေ့၊ လက်တွေ့အရမ်းကောင်းပြီး အကျိုးရှိ တဲ့သင်တန်းတစ်ခုပါ။”ဟု ဒုတိယဆုရရှိသူ ကိုသာထက်မိုးက ဆိုသည်။
ဆုရရှိသူများမှာ ရေဆေးဆီလိုက် အဆင့်မြင့်လုပ်ငန်း၊ စားသောက်ကုန်လုပ်ငန်း၊ ဗလာစာအုပ်လုပ်ငန်း၊ ယူနီဖောင်း ချုပ်လုပ်ခြင်းလုပ်ငန်းများလုပ်ကိုင်ကြမည်ဖြစ်ပြီး ပထမဆု ကျပ်သိန်း (၅၀)၊ဒုတိယဆု ကျပ်သိန်း (၃၀)နှင့် တတိယဆု ကျပ်သိန်း (၂၀)တို့ရရှိမည်ဖြစ်ကြောင်း သိရသည်။