တာချီလိတ်၌ အခြေခံမဲဆန္ဒရှင် စာရင်းများတွင်

တာချီလိတ်၌ အခြေခံမဲဆန္ဒရှင် စာရင်းများတွင်
ဇွန် 25, 2015
By Tachileik News Agency

တာချီလိတ်၌ အခြေခံမဲဆန္ဒရှင် စာရင်းများတွင် အချို့အိမ်အမှတ်တစ်မျိုးတည်း၌ အိမ်ထောင်စုတွင် မပါဝင်သည့် အမည်များပါရှိနေသည့် အတွက် ဖြည့်စွက်ပြင်ဆင်ရမည့် ပြင်ဆင်မှုများကို ပြည်သူအများ သက်ဆိုင်ရာနှင့် ပူးပေါင်းဆောင်ရွက်ခြင်းဖြင့် အမှားအယွင်းကင်းနိုင်မည်ဖြစ်ကြောင်း နိုင်ငံရေးသုံးသပ်လေ့လာသူများက ဆိုသည်။

"တာချီလိတ်မှာ အဓိက ပြည်မထဲက လာပြီး အလုပ်လုပ်တဲ့ သူတွေများတယ်လေ၊ သူတို့က အိမ်ခန်းငှါးနေကြပြီး အိမ်ထောင်စု စာရင်းပြောင်းထားကြတော့ ရပ်ကွက်တစ်ခုမှာ အိမ်အမှတ် တစ်ခုတည်းပေမယ့် မိသားစုဝင်တွေ များသွားတဲ့ သဘောဖြစ်တဲ့အတွက် ပြင်ဆင်သင့်တာတွေကို သတ်မှတ်ရက်အတွင်း ပြင်ဆင်ဖို့ လိုပါတယ်"ဟု မြို့နယ်ရွေးကောက်ပွဲကော်မရှင်ဝင် တစ်ဦးက ဆိုသည်။

တာချီလိတ်မြို့တွင် အခြေခံမဲဆန္ဒရှင် စာရင်းအား မြို့ပေါ်ရပ်ကွက် (၁၁)ရပ်ကွက် နှင့် ကျေးရွာအုပ်စု (၇)အုပ်စုတို့ရှိ ရပ်ကွက်၊ ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးရုံးများနှင့် ရပ်ကွက်၊ ကျေးရွာကော်မရှင် အဖွဲ့ခွဲ ရုံးများတွင် အခြေခံမဲဆန္ဒရှင် အမည်စာရင်းများကို ဇွန်လ (၂၂)ရက်၊ နံနက်ပိုင်းမှ စတင်၍ ထုတ်ပြန် ကြေညာပေးထားရာ မဲဆန္ဒရှင်ပြည်သူများ သွားရောက်ကြည့်ရှုမှုများရှိသော်လည်း ပြင်ဆင်ရန် အမည်ပါဝင်ခြင်း မရှိသူများ ပုံစံ(၃)တွင် ဖြည့်သွင်းခြင်း နည်းပါးကြောင်း ရပ်ကွက်အုပ်ချုပ်ရေးပိုင်းများမှ သိရသည်။

"တာချီလိတ်မှာက စိတ်ဝင်းစားတဲ့လူနည်းတယ်၊ တစ်ချို့သွားကြည့်တဲ့ လူတွေရှိသလို၊ သွားမကြည့်တဲ့ လူတွေလည်းရှိတယ်၊ သွားကြည့်တော့ အမှားအယွင်းပါနေရင် ပြင်လို့ရတာပေါ့၊ မပြင်ဘူးဆိုရင် တကယ်လို့ မဲပေးတဲ့ ကာလရောက်ရင် မိမိရဲ့ အမည်မရင် မဲပေးလို့မရတော့ဘူး..."

တာချီလိတ်မြို့တွင် ရပ်ကွက်များဖြစ်သည့် ပုန်းထွန်၊ တာလော့၊ ၀မ်ကောင်း၊ မကာဟိုခမ်း၊ ဆန်ဆိုင်း (က) ၊ ဆန်ဆိုင်း(ခ)၊ မယ်ခေါင် ၊ ရန်အောင်မြေ ၊ ဆေခမ်း ၊ ပါဆတ် ၊ ၀ိန်းကျောက် ရပ်ကွက်များ နှင့် ၀မ်လုံးကျေးရွာအုပ်စု၊ ဖန်မင်ကျေးရွာအုပ်စု၊ မိုင်းကိုးကျေးရွာအုပ်စု၊ မိုင်းဖုန်း(က)ကျေးရွာအုပ်စု၊ မိုင်းဖုန်း(ခ)ကျေးရွာ အုပ်စု၊ မိုင်းဟဲကျေးရွာအုပ်စု၊ လွယ်တော်ခမ်းကျေးရွာအုပ်စုတို့တွင် မဲဆန္ဒရှင်စာရင်းမှာ စုစုပေါင်း ကျား(၃၂၀၆၁)ဦး နှင့် မ(၃၅၁၄၉)ဦး စုစုပေါင်း (၆၇၂၁၀)ဦး ရှိကြောင်း သိရသည်။

အခြေခံမဲ ဆန္ဒရှင်စာရင်းများကို ဇွန်လ(၂၂)ရက်နေ့မှ ဇူလိုင်(၅)ရက်နေ့အထိ ကပ်ထားကြေညာထားရန် သတ်မှတ်ထားသည်နှင့်အညီ တာချီလိတ်မြို့နယ်အတွင်းရှိ သက်ဆိုင်ရာ ရပ်ကွက်/ကျေးရွာ ရုံးများတွင် ကြေငြာထားလျှက်ရှိကြောင်းသိရှိပြီး အခြေခံမဲဆန္ဒရှင် စာရင်းများပြုလုပ်ရာတွင် တစ်နိုင်ငံလုံးအနေဖြင့် IEFL မှ သက်ဆိုင်ရာများ သင်တန်းများပေးကာ နည်းပညာပံ့ပိုး၍ ပြုလုပ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

 #TachileikNewsAgency #TachileikOnlineNews www.tachileik.net