HIV

HIV
ဖေဖော်ဝါရီ 25, 2015
By Tachileik News Agency

ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာချီလိတ်မြို့တွင် မူးယစ်ဆေးဝါးအကြောထိုးသွင်းသူအုပ်စု(IDU)မှာ ၂၀၁၄ ခုနှစ်အတွင်း HIV ပိုးကူးစက်မှုနှုန်းပိုမိုများပြားလာကြောင်းသိရသည်။
“တစ်နိုင်ငံလုံးအနေနဲ့ HIVပိုးကူးစက်နှုန်းဟာ တစ်နှစ်ကို (၀.၅၄%)တိုးလာပြီး တစ်နိုင်ငံလုံး အတိုင်းအတာနဲ့ မူးယစ်ဆေးဝါးအကြော ထိုးသွင်းသူ အုပ်စု(IDU)မှာ ကူးစက်မှု(၂၃.၂%)ရှိတယ် ဒီလိုဘဲ တာချီလိတ်မှာလဲ (IDU)အုပ်စုက ကူးစက်မှုမြင့်လာ တာတွေ့ရတယ်”အမျိုသားAIDS တိုက်ဖျက်ရေးစီမံချက် (NAP)မှ စီမံချက်တာဝန်ခံ ဒေါက်တာ နန်းမိုမိုဟွမ်မှ ပြောသည်။

တာချီလိတ်မြို့သည် နယ်စပ်ဒေသဖြစ်တော့ ရွှေ့ပြောင်းအလုပ်သမား ပိုမိုများပြားခြင်းကြောင့် ကူးစက်မှုနှုန်းလဲ ကျဆင်းမသွားကြောင်း ၂၀၁၃ ခုနှစ်တွင် HIV ပိုးကူးစက်မှုမှာ (၁၃၇)ဦးအသစ်တွေ့ရှိပြီး ၂၀၁၄ ခုနှစ်တွင်လဲ ကူးစက်မှုအနည်းငယ်ပိုမိုတိုးလာကြောင်းနှင့် မြန်မာနိုင်ငံတစ်ဝှမ်းကူးစက်ခံထားရသူများမှာ လူဦးရေ(၂)သိန် ရှိကြောင်း ၎င်းမှရှင်းပြခဲ့သည်။

တာချီလိတ်မြို့ရှိ အမျိုသားAIDS တိုက်ဖျက်ရေးစီမံချက် (NAP) မှARV ဆေးပေးဝေထားမှုမှာ ၂၀၁၄ခုနှစ်အစပိုင်းတွင် (၁၅၀)ဦးခန့်ရှိပြီး ၂၀၁၅ ခုနှစ် ဇန်န၀ါရီလအထ (၁၉၇)ဦးရှိကာ (၁၉)ဦး မှာ ကလေးသူငယ်များ ဖြစ်ကြောင်း သိရသည်။
“ကျွန်မတို့ တာချီလိတ် (NAP)က တာလေ၊ မိုင်းဆတ်၊ မိုင်းဖြတ်၊ မိုင်းတုံနှင့် မိုင်းဆတ်မြို့နယ်များမှ လူနာများအားလည်း ARV ပေးထားပါတယ် ၂၀၁၆ ခုနှစ် တစ်ခြား INGO တွေက ဆေးပေးမယ် မပေးဘူး မသိပေမယ့် ကျွန်မတို့ (NAP)က ဆေး လူနာတိုင်း ဆေးပေးနိုင်အောင်ကြိုးစားထားပါတယ်၊ အဓိက ကြုံတွေ့ရတဲ့ ပြဿနာက ကျွန်မတို့က Sex Worker(လိင်လုပ်သား)တွေကို ပညာပေးဟောပြာဖို့သွားတာ သူတို့က လက်မခံဘူး”ဟုဒေါက်တာ နန်းမိုမိုဟွမ်မှပြောသည်။
တာချီလိတ်မြို့တွင် အနိုပ်ခန်း၊ ကာရာအိုကေ၊ နိုက်ကလပ်များပြားခြင်းကြောင့် Sex Worker(လိင်လုပ်သား)များလည်းပိုမိုများပြားလာကာ HIV/AIDS နှင့်ပတ်သတ်သည့် ပညာပေးဟောပြောမှု များတွင် လိင်လုပ်သားများကိုယ်တိုင် လက်ခံခြင်းမရှိ လူထုပါဝင်မှုအားနည်းခြင်းကြောင့် HIV ပိုးကူးစက်မှု ကျဆင်းသွားခြင်းမရှိကြောင်းသိရသည်။
ထိုင်းနိုင်ငံမှ HIV ပိုးကူးစက်ခံထားရသော မြန်မာနိုင်ငံသားများအား  ARV ဆေးပေးနေမှုအား ၂၀၁၄ ခုနှစ် အောက်တိုဘာလခန့်မှစ၍ ရပ်တန့်ခဲ့ရာ လူဦးရေ(၆၀)ခန့်အား တာချီလိတ်မြို့ရှိ INGO နှင့် အမျိုသားAIDS တိုက်ဖျက်ရေးစီမံချက် (NAP)မှ  ARVဆေးဆက်လက်ပေးဝေထားရှိကြောင်း သိရသည်။
“ထိုင်းနိုင်ငံက လွှဲပေးတဲ့လူတွေမှာ အများအားဖြင့် Second Line ဆိုတဲ့ ဒုတိယအဆင့်ဆေးမျိုးတွေ များတယ် ဒါကို ကျွန်မတို့က တကယ်ပေးသင့်လို့ပေးတဲ့လူနာလား မလိုအပ်ဘဲ သူတို့ပေးထားတာလား ပြန်စစ်ဆေးပြီး ပေးနေပါတယ်”ဟု ၎င်းမှဆက်လက်ပြောသည်။

 Tachileik Online News ( www.tachileik.net  )