သတင်း - ကိုဇက်
................
ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်နယ်စပ်ကုန်သွယ်ရေးလမ်းကြောင်းမှ မြန်မာ - ထိုင်းနှစ်နိုင်ငံ ကုန်သွယ်မှုမှာ ပြည်တွင်းသို့ ကုန်တင်ပို့နိုင်မှု အကန့်အသတ်ရှိခြင်းနှင့် ဒေသထွက်ကုန်များတင်ပို့နိုင်မှု နည်းပါးခြင်းကြောင့် ကျဆင်းလာကြောင်း ကုန်သည်လုပ်ငန်းအသိုင်းအဝိုင်းထံမှ သိရသည်။
"မြဝတီ - မဲဆောက်ထက်စာရင် တာချီလိတ်လမ်းပိုင်းကေဝးတယ်။ မြဝတီနဲ့ ရန်ကုန်နဲ့က တစ်ညအိပ်လောက် ရောက်ပေမဲ့ တာချီလိတ်ကနေ ရန်ကုန်အထိဆို (၄)ရက်လောက်ကြာတော့ ကုန်စည် သယ်ဆောင်မှုလည်း နည်းလာတယ်။ ဒေသထွက်ကုန်ကျတော့လည်း ရှမ်းပြည်နယ်(တောင်ပိုင်း)နဲ့ ရှမ်းပြည်နယ်(အရှေ့ပိုင်း)မှာရှိတဲ့ ကြက်သွန်ဖြူ၊ သစ်ခေါက်၊ ထောပတ်သီး၊ ပင်စိမ်းသီးလောက်ပဲ တင်ပို့နိုင်တာ။ ဒါကြောင့် ဒီဘက်မှာ မြဝတီတို့ မူဆယ်တို့ထက်စာရင် ကုန်သွယ်မှုနည်းတာပါ"ဟု တာချီလိတ်နယ်စပ်ကုန်သည်ကြီးများအသင်း ရုံးအဖွဲ့မှူး ဦးကျော်ဆွေက ပြောသည်။
တာချီလိတ်နယ်စပ်ဂိတ်မှ ရှမ်းပြည်နယ်(အရှေ့ပိုင်း)နှင့် ရှမ်းပြည်နယ်(တောင်ပိုင်း)အတွက် လိုအပ်သော စားသုံးကုန်နှင့် အိမ်ဆောက်ပစ္စည်း၊ လောင်စာဆီများကို ထိုင်းနိုင်ငံမှ တင်သွင်းနပြေီး တစ်နိုင်ငံလုံး တင်ပို့နိုင်ရန်မှာ လမ်းခရီး အကွာအဝေးနှင့် ကုန်စည်သယ်ဆောင်ခ မြင့်မားခြင်းကြောင့် ကုန်သွယ်မှုပြုနိုင်ခြင်း မရှိကြောင်း သိရသည်။
၂၀၁၀ ခုနှစ်နောက်ပိုင်းတွင် မြဝတီ - မဲဆောက် လမ်းပိုင်းများ ပိုမိုကောင်းမွန်လာကာ သယ်ယူ ပို့ဆောင်ချိန် လျော့ကျလာခြင်းကြောင့် ထိုင်းနိုင်ငံမှ တင်သွင်းသော ကုန်စည်များအား ပြည်တွင်း ပို့ဆောင်သည့် လမ်းကြောင်း ပိုမိုမြန်ဆန်လာပြီး တာချီလိတ်ကုန်သွယ်ရေးလမ်းကြောင်းမှာ ဆက်တိုက်ကျဆင်း လာကြောင်း သိရသည်။
"ကျွန်တော်တို့ အရင်တုန်းကဆိုရင် ကြက်သွန်ဖြူရာသီဆို ကြက်သွန်ဖြူ၊ သစ်ခေါက်ဆိုလည်း အဲဒီလို တစ်နှစ်လုံး ရာသီပစ္စည်းတွေနဲ့ ထိုင်းကပစ္စည်းတွေကို သယ်ဆောင်လာတာ။ မိုးရာသီ ကားနည်းနည်းပါးရင် သစ်တင်တယ်။ အခုနောက်ပိုင်း ရှမ်း/အရှေ့လမ်းကြောင်းက ကားသိပ်မဆွဲရတော့ဘူး။ အဓိက ရှမ်း/မြောက်နဲ့ မြဝတီပဲ ဆွဲတော့တယ်။ ဟိုဘက်က ခေါက်ရေလည်း မြန်တယ်။ တာချီလိတ်မှာ (၄)ရက်လောက်သွားတဲ့ အချိန်၊ မြဝတီဆိုရင်(၂)ခေါက်လောက်ရပြီ။ ဒါကြောင့် ကုန်သွယ်မှု လမ်းကြောင်းလည်း ပြောင်းလာတာပါ။ ထိုင်းကို ပို့ကုန်လည်း နည်းသွားတယ်။ တာချီလိတ်က ပြန်တက်လာရင် တစ်ခါတလေ ခါလီတက်ရတာ တောင်ရှိတယ်"ဟု ဆယ်ဘီးကားယာဉ်မောင်း ဦးတင်စိုးက ပြောသည်။
တာချီလိတ် နယ်စပ်ကုန်သည်ကြီးများအသင်းတွင် အသင်းဝင်ကုန်သည်ပေါင်း (၂၀၀)ကျော်ခန့် ရှိသော်လည်း ဒေသတွင်း ဆောက်လုပ်ရေးလုပ်ငန်းသုံးပစ္စည်း၊ စားသုံးကုန်ပစ္စည်းများ တင်သွင်းသူ များပြားပြီး ဒေသထွက်ကုန်များမှာလည်း တစ်ပိုင်တစ်နိုင်တင်ပို့မှုသာ များပြားကြောင်း နှင့် ဒေသတွင်း ကုန်စည်ဒိုင်များမရှိခြင်းကြောင့် မိသားစုလုပ်ငန်းစနစ်ဖြင့်သာ ကုန်သွယ်မှုများပြားကြောင်း တာချီလိတ်ကုန်သည်ကြီးများအသင်းမှ သိရသည်။
တရုတ်နိုင်ငံမှ ကုန်စည်များအား ယခင်က မယ်ခေါင်မြစ်ကြောင်းအသုံးပြု၍ တာချီလိတ်မြို့မှ တစ်ဆင့်ပြန်လည် တင်ပို့နေရာမှ ၂၀၁၂ ခုနှစ် နောက်ပိုင်းတွင် ထိုင်းနိုင်ငံသို့ သင်္ဘြောကီးများဖြင့် တိုက်ရိုက်တင်ပို့လာသည့်အပြင် ထိုင်းကုန်စည်များလည်း တရုတ်နိုင်ငံ၊ ယူနန်ပြည်နယ်သို့ မယ်ခေါင်မြစ်ကြောင်းမှ တိုက်ရိုက်တင်ပို့လာကြောင်း သိရသည်။
သတင်း - ကိုဇက်