ရှမ်းပြည်နယ်အရှေ့ပိုင်း နယ်စပ်မြို့တော် တာချီလိတ်တွင် ဆောင်းဦးကာလ နှစ်ကူးရာသီတွင် တရုတ်ပြည်ဘက်မှဝင်လာသော ပစ္စည်းများ ဆောင်းရာသီကုန်ပစ္စည်းများ ရောင်းအားကောင်းလျှက်ရှိကြောင်းသိရှိရသည်။
“အခုက ထိုင်းနိုင်ငံသားတွေအတွက်နှစ်သစ်ကူးကာလ အလုပ်ပိတ်ရက် အားလပ်အချိန်အခါဖြစ်တဲ့အတွက် တာချီလိတ်မြို့ကိုအလည်ပတ်လာတာများပါတယ် ကျွန်မတို့ဈေးသည်တွေလဲ တစ်နှစ်လုံးဒီအချိန်ကိုစောင့်ရောင်းနေရတာ ရောင်းကောင်းတာကတော့ ဆောင်းကာလကုန်ပစ္စည်းဖြစ်တဲ့ အနွေးထည်၊ ခြေအိတ်၊ လက်အိတ်၊ သိုးမွေးဦးအထုပ်တို့တွေများပါတယ်” တာလော့ဈေးတွင် ဈေးရောင်းသူ မလမင်းငယ်မှပြောသည်။
ထိုင်းနိုင်ငံသားအများအပြားလာရောက်သည့် နှစ်ကူးကာလဖြစ်သည်နှင့်အညီ ကုန်ပစ္စည်းများရောင်းကောင်းလျှက်ရှိပြီး တာချီလိတ်မြို့၊ တာလော့ဈေးတွင် ရောင်းချသော ကုန်ပစ္စည်းများစုမှာ တရုတ်နိုင်ငံမှ ၀င်ရောက်သောပစ္စည်းများဖြစ်ပြီ တရုတ်နိုင်ငံနယ်စပ်၊ မိုင်းလားမြို့မှတဆင့်ဝင်ရောက်လာခြင်းနှင့် မဲခေါင်မြစ်ကြောင်းအားအသုံးပြု၍ တရုတ်နိုင်ငံ ယူနန်ပြည်နယ်မှကုန်ပစ္စည်များဝင်ရောက်ခြင်းဖြစ်သည်ဟုသိရှိရသည်။
“ဒီနှစ်ထဲမှာ ထူးထူးခြားခြား ရောင်းအားအကောင်းဆုံးက ရေနွေးအိတ်တွေဘဲ ဒီရေနွေးအိတ်ကမီးပလပ်ထိုးပြီး ပူရင်ဖြုတ်ပြီးစောင်ထဲထည့်အိပရင်နွေးလို့ ၀ယ်ကြတယ် နောက်ပြီးပုံစံနဲ့ ထုတ်ပိုးထားတာလဲ လှတာပါတယ်”ဟု ဈေးသည် မနန်းခမ်းပြောသည်။
“ဒီနှစ်ဆောင်းရာသီတော်တော်အေးတယ် အရိုးထိအောင်အေးတာ မှောင်ချိန်စောပြီးမိုးချုပ်တာမြန်တဲ့အတွက်ပိုအေးလို့ မီးလှုံနေရတယ်၊ အနွေးထည်တွေလဲ ၀ယ်ဝတ်ရတာပေါ့”ဟု မြို့ခံ မသီတာမှပြောသည်။
ကုန်ပစ္စည်းများအားလုံး ၀ယ်လိုအားများခြင်းကြောင့် ပုံမှန်ဈေးထက် ဘတ်(၂၀မှ ၃၀)အထိတက်သွားကြောင်း ရေနွေးအိတ်တစ်လုံး ပုံမှန်ဈေးမှာ(၈၀)ဘတ်ဖြစ်ပြီး ယခု အချိန်တွင် (၁၀၀)ဘတ်ဖြစ်ကြောင်းသိရသည်။
တာချီလိတ်မြို့သို့ ပွင့်လင်းရာသီတွင် ထိုင်းနိုင်ငံသားအများဆုံးလာရောက်ခြင်းဖြစ်ပြီး တရုတ်နိုင်ငံသားများနှင့် ဥရောပနှင့်နိုင်ငံပေါင်းစုံမှ နိုင်ငံသားများ မြန်မာနိုင်ငံ၏ ယဉ်ကျေးမှုအား ၀င်ရောက်လေ့လာခြင်းဖြစ်ကြောင်း ထိုင်းနိုင်ငံသားတစ်ချို့တွင် တာချီလိတ်မှ ကျိုင်းတုံမြို့နှင့် မိုင်းလားမြို့သို့လဲ သွားရောက်လည်ပတ်ကြကြောင်းသိရှိရသည်။