စောလှမင်း -Tachileik News Agency
တာချီလိတ်၊ သြဂုတ်လ (၃) ရက်
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးခရိုင်အတွင်း အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ်မှ သိမ်းဆည်းထားသည့် ရေပူကျေးရွာမှ စိုက်ပျိုးမြေသိမ်းယူခံထားရသည့်ကိစ္စအား ရှမ်းပြည်နယ်အစိုးရအဖွဲ့ စီးပွားရေးနှင့် စီမံကိန်းဝန်ကြီးက စစ်တိုင်းမှူးနှင့်တွေ့ဆုံဖြေရှင်းနေကြောင်း သိရသည်။
"ကျွန်မတို့ ရုံးချိန်းဖြစ်တဲ့ သြဂုတ်(၁)ရက်နေ့က ၀န်ကြီးလာတယ်။ သူတိုင်းမှူးနဲ့တွေ့ပြီး ဆွေးနွေးမယ်လို့ ပြောတယ်။ ကျွန်မတို့ကတော့ ရုံးချိန်းတွေ အရင်ကထက် ခဏခဏချိန်းခံရလို့ အလုပ်ပျက် အကိုင်ပျက်ဖြစ်တယ်ဆိုပြီး တင်ပြလိုက်ပါတယ်။ သူတို့က ကျွန်မတို့ကို ကျူးကျော်တယ်လို့ စွပ်စွဲတယ်။ တကယ်တမ်း ကျွန်မတို့ ဒီမြေပေါ်မှာ လုပ်ကိုင်စားသောက်တာ သူတို့ မြေမသိမ်းခင်ကတည်းကပါ"ဟု ရေပူကျေးရွာမှ တောင်သူခေါင်းဆောင် ဒေါ်မာမာဦးက ပြောသည်။
တောင်ကြီးခရိုင် ၊ ရေပူကျေးရွာမှ သိမ်းဆည်းခံလယ်ယာမြေများကိစ္စနှင့်ပတ်သက်၍ တရားစွဲဆိုခံရသည့် တောင်သူဦးရေ (၁၃၀)ကျော်ရှိပြီး ရုံးချိန်းပေါင်း(၂၀)ကျော်ခန့် ရင်ဆိုင်ခဲ့ရပြီးဖြစ်ကြောင်း သိရသည်။
ယခုလက်ရှိတွင် တရားလိုသက်သေများကို စစ်ဆေးနေဆဲဖြစ်ပြီး တရားစွဲဆိုခံရသည့်တောင်သူများအား စစ်ဆေးခြင်းမရှိ သေးသော်လည်း ရုံးချိန်းများကြောင့် တောင်သူများသီးနှံစိုက်ပျိုးရန် အခက်အခဲများဖြစ်နေကြောင်း သိရသည်။
တောင်ကြီးခရိုင် ၊ ရေပူကျေးရွာအုပ်စု၊ ကွန်လုံကျေးရွာအုပ်စုနှင့် ကျောက်နီကျေးရွာအုပ်စုအတွင်းမှ တောင်ယာမြေ ဧက (၄၀၀၀)ခန့်အား ၂၀၀၄ ခုနှစ်က ရှမ်းပြည်နယ်၊ အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ်က သိမ်းယူခဲ့ခြင်းဖြစ်ပြီး ရှမ်းပြည်နယ်၊အရှေ့ပိုင်းတိုင်း စစ်ဌာနချုပ်က သကြားစက်ရုံ တည်ဆောက်ကာ ကုမ္ပဏီ (၅)ခုကို လုပ်ကိုင်ခွင့်ပြုထားခြင်းဖြစ်ကြောင်း သိရသည်။
အစိုးရသစ်လက်ထက်တွင် ရှမ်းပြည်နယ်အတွင်း တပ်မတော်မှ သိမ်းဆည်းထားသော မြေများအား ဧက(၄၀၀၀၀)ကျော် ပြန်လည်စွန့်လွှတ်ခဲ့ကြောင်း သတင်းထုတ်ပြန်ထားသော်လည်း ရေပူကျေးရွာရှိ စိုက်ပျိုးမြေများ ပါဝင်ခြင်းမရှိကြောင်း သိရသည်။
(တင်ရန်) အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ်မှ သိမ်းဆည်းထားသည့် ရေပူကျေးရွာမှ စိုက်ပျိုးမြေများကိစ္စအတွက် ပြည်နယ်စီးပွားရေးနှင့် စီမံကိန်းဝန်ကြီးက စစ်တိုင်းမှူးနှင့်တွေ့ဆုံဖြေရှင်းနေ
Featured News
ဖေဖော်ဝါရီ 21, 2025
ဖေဖော်ဝါရီ 21, 2025
ဖေဖော်ဝါရီ 21, 2025
ဖေဖော်ဝါရီ 20, 2025
ဖေဖော်ဝါရီ 20, 2025