တာချီလိတ်မြို့လူနေရပ်ကွက်များတွင် ထိန်းသိမ်းခြင်းမရှိသည့်ခြံဝန်းများကြောင့် ပတ်ဝန်းကျင် အနှောင့်အယှက်ဖြစ်နေ

တာချီလိတ်မြို့လူနေရပ်ကွက်များတွင် ထိန်းသိမ်းခြင်းမရှိသည့်ခြံဝန်းများကြောင့် ပတ်ဝန်းကျင် အနှောင့်အယှက်ဖြစ်နေ
ဇူလိုင် 29, 2017
By Tachileik News Agency

ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်မြို့တွင် လူမနေသည့်ခြံဝန်းများအား ထိန်းသိမ်းခြင်းမရှိပစ်ထားခြင်းများကြောင့် မြို့အင်္ဂါရပ်နှင့်မညီသည့်အပြင် ပတ်ဝန်းကျင်လူနေအိမ်များအတွက် အနှောင့်အယှက်ဖြစ်နေသဖြင့် ရပ်ကွက်အုပ်ချုပ်ရေးရုံးများအနေဖြင့် အဆိုပါကိစ္စအားဖြေရှင်းလိုသော်လည်း အခက်အခဲရှိနေကြောင်း သိရသည်။
“တကယ်လို့ ပိုင်ရှင်ကိုသိတယ်ဆိုရင်တော့ ပိုင်ရှင်ကိုဆက်သွယ်ပြီး ရှင်းခိုင်းလို့ရပါတယ်။ အများအားဖြင့်တော့ ပိုင်ရှင်ဘယ်သူဆိုတာ မသိဘူးခင်ဗျ။ နောက်ဆုံး ရပ်ကွက်မှာ မဖြစ်မနေရှင်းရမယ်ဆိုရင် ပတ်ဝန်းကျင်အနီးအနားက အိမ်တွေ အကူအညီနဲ့ ကျွန်တော်တို့ရုံးနဲ့ ပူးပေါင်းရှင်းလင်းရပါတယ်။ ကုန်ကျစရိတ်က ကိုယ်တိုင်ပဲ ကျခံရတယ်။ ရန်ပုံငွေလည်းမရှိဘူး။ ဒါကြောင့် လုပ်ချင်ပေမယ့် လျစ်လျူရှုထားရတာပဲ”ဟု တာချီလိတ်မြို့ ဝမ်ကောင်းရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးထွန်းထွန်းဝင်းက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။
တာချီလိတ်မြို့တွင်း ရပ်ကွက်တိုင်းတွင် လူမနေသည့်အိမ်ခြံဝန်းများရှိနေပြီး ပိုင်ရှင်အများစုက ပြုပြင်ထိန်းသိမ်းခြင်းမရှိသဖြင့် မိုးရာသီတွင် မြက်ပင်ခြုံပင်များ၊ ရေဝပ်အိုင်များကြောင့် ပတ်ဝန်းကျင်နေအိမ်များအနေဖြင့် ကလေးငယ်များ ကျန်းမာရေးအတွက် စိုးရိမ်ရကြောင်း ဒေသခံများက ဆိုသည်။
“မြို့လယ်ဖြစ်တဲ့ ရှမ်းရိုးမကွင်းနားဆိုရင်တောင် မြေကွက်တွေက မြေလည်းဖို့တာမရှိ၊ ခြံလည်းမရှင်း၊ အဆောက်အဦလည်း မဆောက်ပစ်ထားတော့ ခြုံတွေ၊မြက်တွေနဲ့ မိုးရာသီဆိုရင် ခြင်တွေ၊ ဗွက်တွေနဲ့ နွေရာသီဆိုရင်လည်း မီးဘေးအန္တရာယ် စိတ်ပူနေရတယ်။ ပါလျှံမှာဆို ကျွန်တော့်အိမ်မျက်နှာချင်းဆိုင်မှာကိုပဲ ခြံဝန်းတစ်ခု မွေးမြူရေးမြေအဖြစ် ခွင့်ပြုမိန့်ကျထားတာ။ ခြုံတွေမြက်တွေလည်းမရှင်း ၊မြေအသုံးချမှုလည်းမရှိ။ တချို့ကတော့ လူမနေပေမယ့် ခြံရှင်း၊မြေဖို့လုပ်ထားတော့ ပတ်ဝန်းကျင်ကို မထိခိုက်စေဘူးပေါ့။ ဒါတွေရှင်းလင်းဖို့ တိုက်တွန်းတာလည်း မတွေ့သလောက်ပဲ။ စည်ပင်တို့ ကျန်းမာရေးဌာနတို့က ခြင်ဆေးလာဖျန်းတာတို့ ဘာတို့လည်း မကြုံဖူးဘူး။ ကျွန်တော့်မှာဆို ကလေးက သုံးနှစ်ကျော်ပဲရှိသေးတယ်။ တချို့ဆို ကျောင်းပတ်ဝန်းကျင်မှာကို ဒီလိုခြံတွေရှိနေတော့ ကလေးတွေအတွက် စိတ်ပူရတာပေါ့”ဟု တာချီလိတ်မြို့ ပါလျှံရပ်ကွက်တွင် နေထိုင်သည့် ကိုညီညီက ပြောသည်။
ယင်းကဲ့သို့ လူမနေခြံဝန်းများအား ထိန်းသိမ်းမှုမရှိဘဲထားခြင်းကြောင့် အိမ်ခြေမဲ့လေလွင့်များလည်း ခိုအောင်းနေထိုင်လေ့ရှိနေရာ ပတ်ဝန်းကျင်နေအိမ်များအနေဖြင့် စိုးရိမ်ပူပန်မှုများလည်းရှိကြောင်း ဒေသခံများထံမှ သိရသည်။
“အဲဒီလိုမြေကွက်လွတ်တွေမှာ လေလွင့်တွေလည်း ဝင်နေကြတယ်။ တစ်ခါက အာခါဈေးနားက လူမရှိတဲ့ခြံမှာ လူတစ်ယောက်သေနေတာ တွေ့တုန်းကတော့ ခြံတွေရှင်းလင်းဖို့တော့ တစ်ခါပြောဖူးတယ်။ စည်ပင်အပါအဝင်ပေါ့ ။ သက်ဆိုင်ရာဌာနတွေအနေနဲ့ ဒီလိုရပ်ကွက်တွေထဲမှာ လူမနေတဲ့ခြံတွေ အများကြီးရှိနေပြီး ဒီတိုင်းပစ်ထားတာကို ညွှန်ကြားမှုတစ်ခုခုတော့ လုပ်သင့်တယ်လို့မြင်ပါတယ်”ဟု မဇ္ဇျိမလူမှုကူညီရေးအသင်း ဥက္ကဌ ဦးတင့်ဆွေက ပြောသည်။
သက်ဆိုင်ရာဌာနများအနေဖြင့် လူနေရပ်ကွက်များအတွင်း လူနေထိုင်ခြင်းမရှိဘဲ ထိန်းသိမ်းမှုမရှိသည့် ခြံဝန်းများကြောင့် ပတ်ဝန်းကျင်နေထိုင်သူများ အနှောင့်အယှက်မဖြစ်စေရန်နှင့် မြို့အင်္ဂါရပ်နှင့်ညီညွတ်စေရန်အတွက် ဥပဒေအရ ထိန်းညှိဆောင်ရွက်သင့်သည်ဟု တာချီလိတ်မြို့ခံတစ်ဦးဖြစ်သည့် ကိုညီညီက အကြံပြုသည်။
“ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးကတော့ ဒါတွေကို ဘယ်လိုက်လုပ်နိုင်မလဲ။ ဒါပေမယ့် ဒီပိုင်ရှင်တွေကို အကြောင်းကြားမယ်။ တိုက်တွန်းမယ်ဆိုတာတော့ လုပ်ဆောင်သင့်တာပေါ့လေ။ ဒါတွေရှင်းလင်းဖို့ဆိုတာကတော့ မြေပိုင်ရှင်တွေမှာ တာဝန်ရှိတာပဲ။ ရပ်ကွက်က တာဝန်ယူရှင်းလင်းရမယ်ဆိုရင်တော့ ဘယ်သူမှ လုပ်နိုင်မှာ မဟုတ်ဘူး။ ပစ်ထားမှာပဲလေ။ နောက်ဆုံးတော့ ဥပဒေရှိတာပဲ။ ကျွန်တော်တို့ဆိုလည်း ဥပဒေအတိုင်း နေထိုင်ကြရတာပဲလေ။ သက်ဆိုင်ရာ ဌာနဆိုင်ရာက ညွှန်ကြားချက်အတိုင်း မလုပ်ရင်တော့ ဥပဒေအတိုင်း သွားပေါ့”ဟု ကိုညီညီက ဆိုသည်။
အချို့စာသင်ကျောင်းများ ဝန်းကျင်တွင်လည်း ထိန်းသိမ်းမှုမရှိဘဲထားသည့် အိမ်ခြံဝန်းများရှိနေသည့်အတွက် ခြင်များပေါက်ပွားကာ ကျောင်းသူ/ကျောင်းသားများအတွက် စိုးရိမ်ရသဖြင့် သက်ဆိုင်ရာတာဝန်ရှိသူများအနေဖြင့် ဖြေရှင်းဆောင်ရွက်ပေးစေလိုကြောင်း ကျောင်းသားမိဘများက ဆိုသည်။

~~~~~~~~⊰❂ unicode ~~~~~~~~
1အအ
 #TachileikNewsAgency #TachileikOnlineNews  #တာချီလိတ်သတင်းအေဂျင်စီ www.tachileik.net  
~~~~~~ ကြော်ငြာ ~~~~~~