ရှမ်းပြည်နယ်(အရှေ့ ပိုင်း) ကျိုင်းတုံမြို့၌ ကျင်းပမည့် ရှမ်းနှစ်သစ်ကူးပွဲတော်တွင် ဒေသခံများ၏ ဆိုင်ခန်းများ အပြင် ထိုင်းနိုင်ငံမှ ဆိုင်ခန်းများလည်း လာရောက်ဖွင့်လှစ်ရောင်းချမည်ဖြစ်ကြောင်း သိရသည်။
ကျိုင်းတုံမြို့မအားကစားကွင်းတွင် နိုဝင်ဘာလ (၂၆)ရက်နေ့မှ (၃၀)ရက်နေ့အထိ ကျင်းပမည့် ရှမ်းနှစ်သစ်ကူးပွဲတော်၌ ထိုင်းနိုင်ငံမှ ဆိုင်ခန်းပေါင်း (၄၂)ခန်း ပါဝင်ရောင်းချမည်ဖြစ်ကြောင်း သိရသည်။
"ရှမ်းနှစ်သစ်ကူးပွဲတော်ကိုတော့ ခါတိုင်းနှစ်တွေလိုပဲ ကျင်းပသွားမှာပါ။ ဒါပေမဲ့ ဒီနှစ်က ထိုင်းနိုင်ငံက ကုန်သည်တွေက သူတို့ ရဲ့  ဒေသထွက်ကုန်တွေကို ကျွန်တော်တို့ ရဲ့  နှစ်သစ်ကူးပွဲမှာ ဆိုင်ခန်းတွေ ဖွင့်ပြီးတော့ လာရောင်းဖို့ ရှိတယ်။ ဆိုင်ခန်းပေါင်း (၄၀)ကျော် လာဖွင့်မယ်ပြောတယ်။ အစီအစဉ် အတိအကျကိုတော့ ပွဲနီးမှပဲ သိရမှာပါ။ ကျန်တဲ့ ကပွဲ အစီအစဉ်တွေကတော့ ခါတိုင်းနှစ်တွေလိုပဲ ကျင်းပသွားမှာ ဖြစ်ပါတယ်"ဟု ကျိုင်းတုံမြို့ ရှမ်းနှစ်သစ်ကူး ပွဲတော်ဖြစ်မြောက်ရေးအဖွဲ့ မှ ဒုဥက္ကဌ ဦးစိုင်းလုံရီးက တာချီလိတ်သတင်းအေဂျင်စီသို့  ပြောသည်။
အဆိုပါပွဲဖြစ်မြောက်ရေးအတွက် ကော်မတီ(၁၄)ရပ်ဖြင့် ဆောင်ရွက်နေပြီး ပွဲတော်တွင် လွန်ဆွဲပွဲ၊ စက်ဘီးပြိုင်ပွဲနှင့် အခြားအားကစားပြိုင်ပွဲများကိုလည်း ထည့်သွင်းကျင်းပနိုင်ရန် စီစဉ်နေကြောင်း သိရသည်။
"ရှမ်းနှစ်သစ်ကူးပွဲတော်မှာ ကျွန်တော်က ပြခန်းနဲ့  ပတ်သက်ပြီးတာဝန်ယူထားတာဆိုတော့ ဒီနှစ်မှာလည်း သမိုင်းဓာတ်ပုံတွေပြမယ်။ ရိုးရာအ၀တ်အစားတွေပြမယ်။ ထူးထူးခြားခြား စီစဉ်ထားတာမရှိပါဘူး။ ခါတိုင်းနှစ်တွေလိုပါပဲ"ဟု ဦးကျော်ရဲမြင့်အောင်က ပြောသည်။
၂၁၁၂ နှစ်မြောက် ရှမ်းနှစ်သစ်ကူးပွဲတော်များအား ရှမ်းတိုင်းရင်းသားများ နေထိုင်ရာဒေသများတွင် ကျင်းပနေခြင်းဖြစ်ပြီး ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်မြို့တွင် နိုဝင်ဘာလ(၁၆)ရက်နေ့မှ နိုဝင်ဘာလ(၁၈)ရက်နေ့အထိ၊ ကျိုင်းတုံမြို့တွင် နိုဝင်ဘာလ(၂၆)ရက်နေ့မှ နိုဝင်ဘာလ (၃၀) ရက်နေ့အထိ ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။
သတင်း #ဇွဲမြတ်
