H1N1 အား ကုသနိုင်သဖြင့် တုပ်ကွေးလက္ခဏာခံစားရပါက ကျန်းမာရေးဌာနများသို့ အချိန်မီ ပြသရန်လိုအပ်

H1N1 အား ကုသနိုင်သဖြင့် တုပ်ကွေးလက္ခဏာခံစားရပါက ကျန်းမာရေးဌာနများသို့ အချိန်မီ ပြသရန်လိုအပ်
သြဂုတ် 4, 2017
By Tachileik News Agency

ရာသီတုပ်ကွေးရောဂါကို ဆောလျင်စွာတွေ့ရှိကုသလျှင် ရောဂါပြင်းထန်မှုနှင့် အသက်ဆုံးရှုံးမှုတို့မှ ကာကွယ်နိုင်ပြီး Tamiflu (Oseltamivir) နှင့် Relenza (Zanamivir) ဆေး (၂) မျိုးဖြင့် ကုသမှုပေးနိုင်ကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။
လက်ရှိတွင် ဖြစ်ပွားမှုအများဆုံးဖြစ်နေသည့် ရန်ကုန်တိုင်းဒေသကြီးရှိ အင်းစိန်၊ လှိုင်သာယာ၊ ဒဂုံမြို့သစ် (တောင်ပိုင်း) ၊ ဧရာဝတီတိုင်းဒေသကြီးရှိ ပုသိမ်၊ ညောင်တုန်း၊ ပဲခူးတိုင်းဒေသကြီးရှိ ပဲခူးမြို့နယ် တို့တွင် တုံ့ပြန်ဆောင်ရွက်ခြင်းလုပ်ငန်းများကို ဦးစားပေး ဆောင်ရွက်လျက်ရှိနေကြောင်း သိရသည်။
ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနအနေဖြင့် ရာသီတုပ်ကွေးရောဂါဖြင့် ဒေသအလိုက် ဆေးရုံတက်ရောက်မှု အခြေအနေကို နေ့စဉ်ဆန်းစစ်ပြီး ရောဂါကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများနှင့် ရောဂါဖြစ်ပွားမှုနှုန်း အများဆုံးဒေသများတွင် တုံ့ပြန်ဆောင်ရွက်ခြင်း လုပ်ငန်းများကို ဦးစားပေး ဆောင်ရွက်နေကြောင်း သိရသည်။
ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနက ရာသီတုပ်ကွေးရောဂါ (Seasonal Influenza A(H1N1)pdm09) ဖြစ်ပွားမှုနှင့်ပတ်သက်၍ သတင်းထုတ်ပြန်ချက်အမှတ်စဉ် (၁၁)အား သြဂုတ်လ (၃)ရက်နေ့က ထုတ်ပြန်ချက်အရ တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ဇူလိုင်လ(၂၁) ရက်နေ့မှ သြဂုတ်လ(၂)ရက်နေ့ မွန်းလွဲ (၂) နာရီအထိ ဓာတ်ခွဲစမ်းသပ်စစ်ဆေးခဲ့သည့် သံသယလူနာ (၃၀၅)ဦးအနက် H1N1 ပိုးတွေ့လူနာ (၁၁၀) ဦးရှိပြီး သေဆုံးသူ (၁၄)ဦးရှိကြောင်း ဖော်ပြထားပြီးနောက် သြဂုတ်လ (၄)နေ့ နံနက်ပိုင်းတွင် ပြင်ဦးလွင်မှ လူနာတစ်ဦး ထပ်မံသေဆုံးသွားကြောင်း သိရသည်။
သြဂုတ်လ(၃) ရက်နေ့၊ မွန်းလွဲ (၂) နာရီအထိ ရန်ကုန်မြို့ရှိ အထူးကုဆေးရုံကြီး (ဝေဘာဂီ) တွင် H1N1 ပိုးတွေ့ အတွင်းလူနာ (၂၆) ဦးနှင့် အခြားတိုင်းဒေသကြီး/ ပြည်နယ် ဆေးရုံကြီးများတွင် H1N1 ပိုးတွေ့ အတွင်းလူနာ (၃၇) ဦး စုစုပေါင်း (၆၃) ဦး ဆေးဝါးကုသမှုခံယူလျက်ရှိနေပြီး ရောဂါပျောက်ကင်း၍ ဆေးရုံဆင်းလူနာ (၂၈) ဦးရှိကြောင်း အဆိုပါသတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
H1N1 နှင့်ပတ်သက်၍ ကြိုတင်ကာကွယ်ရေး အသိပညာပေးနှိုးဆော်ခြင်းများကို တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် လုပ်ဆောင်နေပြီး ရာသီတုပ်ကွေးရောဂါပိုးရှိသူက မဖုံးအုပ်ဘဲ နှာချေခြင်း၊ ချောင်းဆိုးခြင်းတို့မှ ထွက်ပေါ်လာသော အစက်အမှုန်များသည် (၆) ပေခန့်အထိပျံ့နှံ့နိုင်ပြီး ၎င်းအားတိုက်ရိုက်ရှုသွင်းမိခြင်းဖြင့်လည်းကောင်း၊ ၎င်းအစက်အမှုန်များ တင်ကျန်ကပ်ငြိနေသော အရာဝတ္တုများကို ကိုင်တွယ်မိသော လက်မှ တစ်ဆင့်လည်းကောင်း ရောဂါကူးစက်နိုင်ကြောင်း ကျန်းမာရေးဌာနက သတိပေးထားသည်။
ရာသီတုပ်ကွေးသည် ရောဂါပျိုးချိန်မှာ (၁) ရက်မှ (၄) ရက်ခန့်အထိဖြစ်ပြီး ရောဂါလက္ခဏာမပြမီ (၁) ရက်မှစတင်၍ ဖျားခြင်း၊ နှာရည်ယိုခြင်း၊ နှာချေခြင်း၊ ချောင်းခြောက်ဆိုးခြင်း၊ လည်ချောင်းနာခြင်း၊ ကိုယ်လက်ကိုက်ခဲခြင်း၊ ခေါင်းကိုက်ခြင်း၊ နုံးခွေခြင်းများ စသည့် လက္ခဏာအချို့စတင်ခံစားရကာ (၇) ရက်အထိ အခြားလူများသို့ ရောဂါကူးစက် ပြန့်ပွားစေနိုင်ပြီး ရောဂါလက္ခဏာပြင်းထန်လာပါက အဖျားကြီးလွန်းခြင်း၊ ချောင်းအလွန်ဆိုးခြင်း၊ မောခြင်း၊ ပင်ပန်းနွမ်းနယ်ခြင်း၊ အသက်ရှုကျပ်ခြင်း၊ အသက်ရှုခက်ခဲခြင်း၊ အသက်ရှုနှုန်းမြန်ဆန်ခြင်း၊ ဂနာမငြိမ်ဖြစ်ခြင်း၊ သတိလစ်ခြင်းတို့ ဖြစ်လာကြောင်း သိရသည်။
ရောဂါကူးစက်ခံရသူအများစုမှာ ဖျားခြင်းအပါအဝင် မပြင်းထန်သည့်ရောဂါလက္ခဏာများကို တစ်ပတ်အထိ ခံစားရနိုင်ပြီး ကုသမှုခံယူစရာမလိုဘဲ သက်သာပျောက်ကင်းသွားတတ်သော်လည်း နီးစပ်ရာ ဆေးခန်း၊ ဆေးရုံများနှင့် ကျန်းမာရေးဌာနများသို့ ပြသရန် လိုအပ်ပြီး ကျန်းမာရေးဝန်ထမ်းများအနေဖြင့် လိုအပ်ပါက ဓာတ်ခွဲစမ်းသပ် စစ်ဆေးမှုများကို ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
အဆိုပါရောဂါသည် ကလေးငယ်များ၊ ကိုယ်ဝန်ဆောင် မိခင်များ၊ သက်ကြီးရွယ်အိုများ၊ နာတာရှည် ရောဂါရှိသူများ၊ ခုခံအား ကျဆင်းမှု ရှိသူများတွင် ရောဂါပိုမိုပြင်းထန်ပြီး နောက်ဆက်တွဲ ပြင်းထန် အဆုတ်ရောင် နမိုးနီးယားရောဂါ ဖြစ်ပွားနိုင်ချေ ပိုမိုမြင့်မားကြောင်း သိရသည်။
ရောဂါဖြစ်ပွားမှုမှ ကြိုတင်ကာကွယ်နိုင်ရန်အတွက် တစ်ကိုယ်ရေသန့်ရှင်းမှုကို အထူးဂရုပြု ဆောင်ရွက်ခြင်း အပါအဝင် လက်ကို ဆပ်ပြာနှင့် ရေများများသုံး၍ မကြာခဏ ဆေးကြောခြင်း၊ နှာချေချောင်းဆိုးလျှင် ဖုံးအုပ်ခြင်း၊ လူထူထပ်သောနေရာများအား ရှောင်ကြဉ်ပြီး မဖြစ်မနေသွားရပါက ပါးစပ်နှာခေါင်းစည်း တပ်ဆင်ခြင်း၊ ကောင်းစွာအိပ်စက်အနားယူခြင်း၊ အာဟာရပြည့်ဝသည့် အစားအစာများ စားသုံးခြင်း၊ ကိုယ်လက်လှုပ်ရှားမှုပုံမှန်ပြုလုပ်ခြင်း၊ လေကောင်းလေသန့်ရရှိအောင် ဆောင်ရွက်နေထိုင်ခြင်း၊ အရက်လွန်ကဲစွာသောက်သုံးခြင်းနှင့် မူးယစ်ဆေးဝါးသုံးစွဲခြင်းမှ ရှောင်ကြဉ်ခြင်း၊ ရောဂါဖြစ်ပွားနေသူများနှင့် သံသယရှိနေသူများ၏ (၆) ပေ အကွာတွင် နေထိုင်ခြင်း၊ ရောဂါကူးစက်ခံထားရသူအား ပါးစပ်နှာခေါင်းစည်း (Surgical Mask) ကို အသုံးပြုစေခြင်း၊ ရောဂါရှိသူ၏ နေအိမ်နှင့် ဆေးရုံများသို့ မလိုအပ်ဘဲ သွားရောက်ခြင်းမှ ရှောင်ကြဉ်ခြင်း၊ မိမိတွင် ရောဂါလက္ခဏာများ ခံစားရပါက နီးစပ်ရာ ကျန်းမာရေးဌာနသို့ သွားရောက်ကုသမှုခံယူခြင်းနှင့် ရောဂါ လက္ခဏာများ စတင်ခံစားရသည့်အချိန်မှစတင်၍ (၁၀) ရက်အတွင်း မိမိ၏နေအိမ်၌သာ နေထိုင်ခြင်းတို့ သတိထားလုပ်ဆောင်ရန် လိုအပ်ကြောင်း သိရသည်။
ရာသီတုပ်ကွေးရောဂါအား ကာကွယ်ဆေးထိုးနှံနိုင်သော်လည်း ကာကွယ်ဆေးမှာ ဈေးနှုန်းမြင့်မားခြင်း၊ (၅၀)ရာခိုင်နှုန်းမှ (၆၀)ရာခိုင်နှုန်းအထိသာ ရောဂါဖြစ်ပွားမှုမှ ကာကွယ်မှုပေးနိုင်ခြင်း၊ ကာကွယ်ဆေးထိုးနှံအပြီး (၂)ပတ်ကြာမှသာ ကိုယ်ခံအားပဋိပစ္စည်းများ (Antibodies) ပေါ်ထွက်နိုင်သောကြောင့် မိမိတို့ ဒေသအတွင်း ရာသီတုပ်ကွေးရောဂါ စတင်မပျံ့နှံ့မီ ထိုးနှံရန် လိုအပ်ခြင်း၊ မိမိတို့နိုင်ငံတွင် ပျံ့နှံ့ဖြစ်ပွားနေသော ရာသီတုပ်ကွေးရောဂါ ပိုးအမျိုးအစားနှင့် ကိုက်ညီသော ကာကွယ်ဆေးဖြစ်ရန် လိုအပ်ခြင်း နှင့် တစ်ကြိမ် ထိုးနှံပြီးပါက တစ်နှစ်သာ ကာကွယ်နိုင်စွမ်းရှိပြီး နှစ်စဉ် ထိုးနှံရန် လိုအပ်ခြင်းတို့ကြောင့် ဖွံ့ဖြိုးချမ်းသာသော နိုင်ငံများ၌ပင် ကာကွယ်ဆေးထိုးနှံခြင်းလုပ်ငန်းအား အပြည့်အဝ ဆောင်ရွက်နိုင်ခြင်း မရှိသေးကြောင်း သိရသည်။
ကမ္ဘာ့ကျန်းမာရေးအဖွဲ့၏ FluNet Website တွင် ဖော်ပြထားချက်အရ မေလ(၁) ရက်နေ့မှ ဇူလိုင်လ(၂၃)ရက်နေ့ အထိ (၃) လခန့်ကာလအတွင်း ရာသီတုပ်ကွေးရောဂါ (Seasonal Influenza A(H1N1)pdm09) ဖြစ်ပွားမှုမှာ မြန်မာနှင့် အိမ်နီးချင်းနိုင်ငံများဖြစ်သည့် တရုတ်နိုင်ငံတွင် (၃၀၆၈) ဦး၊ အိန္ဒိယနိုင်ငံတွင် (၃၁၉) ဦး၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင် (၂၅၆) ဦး၊ စင်ကာပူနိုင်ငံတွင် (၈၀) ဦးနှင့် ထိုင်း နိုင်ငံတွင် (၅၉) ဦးတို့ ဖြစ်ပွားခဲ့ကြောင်း တွေ့ရှိရပြီး ပုံမှန်အားဖြင့် အပူပိုင်းဒေသနိုင်ငံများ၌ တစ်နှစ်ပတ်လုံး ဖြစ်ပွားလေ့ရှိသော ရောဂါဖြစ်ကြောင်းသိရှိရသည်။
Seasonal Influenza A(H1N1)pdm09 Strain သည် မြောက်အမေရိကတိုက်၌ ၂၀၀၉ ခုနှစ်၊ ဧပြီလမှ စတင်ကူးစက်၍ တစ်ကမ္ဘာလုံးတွင် ကပ်ရောဂါအသွင် ဖြစ်ပွားခဲ့သဖြင့် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) က အပြည်ပြည်ဆိုင်ရာ ပြည်သူ့ ကျန်းမာရေးအရေးပေါ်အခြေအနေအဖြစ် ၂၀၀၉ ခုနှစ်၊ ဇွန်လ (၁၁)ရက်နေ့၌ ကြေညာခဲ့ပြီး မြန်မာနိုင်ငံအပါအဝင် ကမ္ဘာ့နိုင်ငံများတွင် ကမ္ဘာ့လူတုပ်ကွေးရောဂါ နှိမ်နင်းခြင်းလုပ်ငန်းများကို ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
Seasonal Influenza A(H1N1)pdm09 သည် လူများအကြား လွယ်ကူစွာ ကူးစက်စေနိုင်သော်လည်း ပြင်းထန်မှုနှင့် သေဆုံးမှုနည်းပါးသောကြောင့် ပြည်သူ့ ကျန်းမာရေး အရေးပေါ် အခြေအနေ PHEIC အဖြစ်မှ ၂၀၁၀ ခုနှစ်၊ သြဂုတ်လ (၁၀) ရက်နေ့တွင် ကမ္ဘာ့ကျန်းမာရေးအဖွဲ့က ရုပ်သိမ်းခဲ့ခြင်းဖြစ်ပြီး မြန်မာ နိုင်ငံအပါအဝင် ကမ္ဘာ့နိုင်ငံများ၌ လူများအကြား ရာသီတုပ်ကွေး ရောဂါ (Seasonal Influenza) ကူးစက်မှုအသွင်အဖြစ်သာ ဆက်လက်ရှိနေခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

~~~~~~~~⊰❂ unicode ~~~~~~~~
1အအ
 #TachileikNewsAgency #TachileikOnlineNews  #တာချီလိတ်သတင်းအေဂျင်စီ www.tachileik.net  
~~~~~~ ကြော်ငြာ ~~~~~~