တာချီလိတ်၌ လိုင်စင်ကားများထက် လိုင်စင်မဲ့ကား ဈေးကွက်က အားသာ

တာချီလိတ်၌ လိုင်စင်ကားများထက် လိုင်စင်မဲ့ကား ဈေးကွက်က အားသာ
မေ 6, 2015
By Tachileik News Agency

မြန်မာ - ထိုင်းနယ်စပ်ဒေသ တာချီလိတ်မြို့ရှိ ကားဈေးကွက်အတွင်း ဂျပန်တစ်ပတ် ရစ်ကားများသာ လွှမ်းမိုးနေဆဲဖြစ်ကြောင်း သိရသည်။

“ဈေးကွက်ထဲမှာတော့ သူ့ဖေါက်သည် ကိုယ့်ဖေါက်သည်နဲ့ ရောင်းနေတာ အရင်တုန်းကလို ၀ယ်လိုအား တအားကျလာတာမျိုးတော့ မရှိဘူး”ဟု ကားပွဲစား လုပ်သူ ကိုမျိုးမှ ပြောသည်။

ကားဈေးကွက် အတွင်း ပုံမှန်သာ ရောင်း/၀ယ်ဖြစ်ပေါ်လျှက်ရှိကြောင်း၊ 4x4 Hilux Vigo တစ်စီးလျှင် ဈေးနှုန်း အတော်အသင့်ရှိကြောင်း၊ ဈေးကွက်ထဲမှာတော့ Pajaro IO လိုမျိုး တစ်ခန်းခွဲတွေနဲ့ ဓါတ်ဆီကားတို့ Mark 2 တို့ အရောင်းအ၀ယ် အနည်းငယ်ရှိကြောင်း၊ ၎င်းထံမှသိရသည်။

“တာချီလိတ်ဈေးကွက်မှာ ဂျပန်ကားတွေဘဲ အကြိုက်များတယ်၊ ထိုင်းကားဈေးကွက်ရှိတော့ရှိတယ် ရှားတယ်လို့ဆိုရမယ်”ဟု ကားပွဲစားတစ်ဦးမှပြောသည်။

တာချီလိတ်သို့ ကားအများစုကို ထိုင်းနိုင်ငံမှ နည်းလမ်းမျိုးစုံဖြင့် တင်သွင်းခြင်းဖြစ်ပြီး လိုင်စင်မဲ့များသာဖြစ်ကြောင်းနှင့် ဂျပန်ကား အများစုဖြစ်ကြောင်းအပြင် ထိုင်းနိုင်ငံထုတ်ကားများတွင် မော်ဒယ်မြင့်ကားများသာ ဈေးကွက်အတွင်း အရောင်းအ၀ယ်ဖြစ်ကြောင်း သိရသည်။

ဂျပန်နိုင်ငံထုတ် တစ်ပတ်ရစ်ကားများတွင် ဈေးနှုန်းမှာ ကားပေါ်မူတည်၍ ကွာခြားမှုရှိကြောင်း၊ ကားဟောင်းလျှင် ဘတ်(၁)သိန်းဝန်းကျင်အထိ ရှိကြောင်း နှင့် ကားကောင်းလျှင် ဘတ်(၂)သိန်းအထိ ရှိကြောင်း ကားဝယ်ရောင်း လုပ်သော အသိုင်းအ၀ိုင်းမှ သိရသည်။

“ကားအရောင်းပြခန်းတွေမှာ အကြွေးစနစ်နဲ့ ရောင်းတာတွေရှိတယ် ဒါပေမယ့် ပြခန်းရောင်းကားတွေက လိုင်စင်ကားတွေများတော့ ဈေးကွက်မှာ လူတန်းစား တစ်ရပ်အတွက်ဘဲဖြစ်နေတာပေါ့” ဒေသခံတစ်ဦးမှပြောသည်။

လိုင်စင်မဲ့ကားများအား ငွေကြေးအနည်းငယ်ရှိယုံဖြင့် စီးနိုင်သောကြောင့် လူလတ်တန်းစားများ ပိုမိုစီးနိုင်ကြောင်း၊ လိုင်စင်ပါသော ကားများမှာ မော်ဒယ်အလိုက် ဈေးကြီးမားခြင်းကြောင့် စီးပွားရေး အနည်းငယ် အဆင်ပြေယုံနှင့် ၀ယ်စီး၍ မဖြစ်နိုင်ကြောင်း ၎င်းထံမှသိရသည်။

 #TachileikNewsAgency #TachileikOnlineNews www.tachileik.net