ကိုဇက်-Tachileik News Agency
တာချီလိတ်၊ ဇူလိုင်လ (၃၁)ရက်
ထိုင်းနိုင်ငံအတွင်း ပြည့်တန်ဆာလုပ်ငန်းတွင် အိမ်နီးချင်းနိုင်ငံများမှ လာရောက်လုပ်ကိုင်နေသူများတွင် အသက်(၁၆)နှစ်အောက် ကလေးများပါဝင်လျှက်ရှိကြောင်း ထိုင်းနိုင်ငံအခြေစိုက် လူကုန်ကူးတိုက်ဖျက်ရေး အဖွဲ့အစည်းများထံမှ သိရသည်။
ထိုင်းနိုင်ငံ ပရကျိုင်းဝပ့်ခရိုင်အတွင်း ကာရာအိုကေဆိုင်ခန်းတစ်ခုအား လူကုန်ကူးတိုက်ဖျက်ရေးအဖွဲ့မှ ဇူလိုင်(၂၉)ရက်နေ့ ညပိုင်းတွင် ၀င်ရောက်စစ်ဆေးရာ အိမ်နီးချင်းနိုင်ငံများမှ လာရောက်လုပ်ကိုင်သော ပြည့်တန်ဆာ(၁၁၃)ဦးတွင် အသက်(၁၆)နှစ်မပြည့်သေးသည့် ကလေးသူငယ်များပါဝင်ပြီး ၎င်းတို့မှာ ချင်းရိုင်းခရိုင်၊ မယ်ဆိုင်ဘက်မှ ဖြစ်ကြောင်း ထိုင်းနိုင်ငံမီဒီယာများ၏ ဖေါ်ပြချက်အရသိရသည်။
ပြည့်တန်ဆာလုပ်ငန်းတွင် အသက်မပြည့်သည့် ကလေးငယ်များအား အပျိုစင်ရောင်းချကြေး ဘတ်(၈၀၀၀၀)အထိ ရှိပြီး အိမ်နီးချင်းနိုင်ငံများမှ လာရောက်အလုပ်လုပ်ကိုင်သူများ ဖြစ်ကြောင်း Nvader (NGO)လူကုန်ကူးမှုတိုက်ဖျက်ရေးအဖွဲ့က ဖေါ်ပြထားသည်ကို တွေ့ရသည်။
"အရင်(၅)နှစ်လောက်တုန်းကတော့ ဈေးကွက်တော်တော်ကြီးကြီးမားမားရှိတယ်။ နောက်ပိုင်းမှာ လူကုန်ကူး NGO တွေရဲ့ ဖေါ်ထုတ်မှုတွေကြောင့် တော်တော်တော့ပျောက်သွားပါပြီ။ ဒါပေမဲ့ တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ ပပျောက်တာတော့မဟုတ်ဘူး။ ကျွန်တော်တို့အဖွဲ့တွေ မရောက်တဲ့နေရာတွေမှာ ရှိနေဦးမှာ။ ဒီမှာရှိတဲ့ ပြည့်တန်ဆာတွေကလည်း အရင်ကတည်းက ဒါမျိုးလုပ်စားလာတာတွေများတယ်။ သူ့အချိတ်အဆက်နဲ့ သူရောက်လာတာ။ ကလေးတွေကိုလည်း အဲလိုပါပဲ။ "ဟု ထိုင်းနိုင်ငံအခြေစိုက် လူကုန်ကူးမှု တိုက်ဖျက်ရေးအဖွဲ့(LPN)မှ ကိုစူရချိုင်မင်းထွန်းက ပြောသည်။
ထိုင်းနိုင်ငံတွင်းရှိ အပျိုစင်ရောင်းချသည့်ဈေးကွက်အတွင်းသို့ အိမ်နီးချင်းနိုင်ငံများဖြစ်သည့် မြန်မာ၊ လာအို၊ ဗီယက်နမ်၊ ကမ္ဘောဒီယားနိုင်ငံမှ မိန်းကလေးငယ်များကို ပို့ဆောင်ကြပြီး ကလေးများအား အလှအပအတွက် အချိန်ယူပြုပြင်၍ ဈေးကွက်အတွင်းရောင်းချခြင်းဖြစ်ပြီး ထိန်းသိမ်းထားသည့်အချိန်နှင့် အလှအပပြင်ဆင်စားရိတ်အတွက် ပွဲစားမှ ပြန်လည်ထုတ်ယူလေ့ရှိကြောင်း သိရသည်။