ကျိုင်းတုံမြို့နယ်အတွင်း ရပ်/ကျေးအုပ်ချုပ်ရေးမှူးရွေးချယ်မှု ကြီးကြပ်ရေးအဖွဲ့ဝင်များရွေးချယ်မှု လာမည့်နှစ်ဆန်းပိုင်းတွင် အပြီးဆောင်ရွက်နိုင်ဖွယ်ရှိ
ရပ်/ကျေးအုပ်ချုပ်ရေးမှူးများရွေးချယ်မှုပုံစံသစ်အရ ပြည်သူများ ရွေးချယ်ရမည့် ရပ်/ကျေးအုပ်ချုပ်ရေးမှူးများ ရွေးချယ်မှုကြီးကြပ်ရေးအဖွဲ့ဝင်များ ရွေးချယ်မှုအား ရှမ်းပြည်နယ်(အရှေ့ပိုင်း) ကျိုင်းတုံမြို့နယ်တွင် ၂၀၁၈ ခုနှစ် ဇန်န၀ါရီလ ဒုတိယပတ်အတွင်း အပြီးဆောင်ရွက်နိုင်ဖွယ်ရှိကြောင်း မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ သိရသည်။
“ကြီးကြပ်ရေးမှူးအဖွဲ့တွေကို ဒီဇင်ဘာလ ဒုတိယပတ်ထဲမှာ အပြီးရွေးချယ်သွားမှာ ဖြစ်ပါတယ်။ နောက်ပြီးတော့ ရပ်/ကျေး အုပ်ချုပ်ရေးမှူး ပြန်လည်ရွေးချယ်မှုကိုတော့ နောက်နှစ် ဇန်န၀ါရီလ ပထမပတ် ဒါမှမဟုတ် ဒုတိယပတ်ထဲမှာ ရွေးပါမယ်”ဟု ကျိုင်းတုံမြို့နယ် အုပ်ချုပ်ရေးမှူး ဦးတင်မြင့်က တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။
ရပ်/ကျေးအုပ်ချုပ်ရေးမှူးများရွေးချယ်ရာတွင် ကြီးကြပ်သည့် ကြီးကြပ်ရေးအဖွဲ့အား ယခင်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနက ဖွဲ့စည်းပေးခြင်းဖြစ်သော်လည်း ပြောင်းလဲလိုက်သည့် စနစ်သစ်အရ ကြီးကြပ်ရေးမှူးများအား ရပ်ကွက်/ကျေးရွာနေ ပြည်သူများက ကိုယ်တိုင်ရွေးချယ်တင်မြှောက်ပြီး မြို့နယ်အထွေထွေအုပ်ချုပ်ရေးဌာနက ပြည်သူများတင်မြှောက်ထားသည့် စာရင်းအား ငြင်းပယ်ပြင်ဆင်ခြင်းမပြုဘဲ အတည်ပြုပေးရမည်ဖြစ်ကြောင်း သိရသည်။
ကျိုင်းတုံမြို့နယ်အတွင်း မြို့ပေါ်(၅)ရပ်ကွက်နှင့် ကျေးရွာအုပ်စုပေါင်း (၃၈)ခုအတွက် ရပ်/ကျေးအုပ်ချုပ်ရေးမှူးများ ရွေးချယ်ရန် ကြီးကြပ်ရေးမှူး(၅)ဦးစီပါဝင်သည့် အဖွဲ့များကို ရပ်ကွက်/ကျေးရွာနေပြည်သူများက ရွေးချယ်ဖွဲ့စည်းပေးကြမည်ဖြစ်ပြီး လက်ရှိ ရပ်/ကျေးအုပ်ချုပ်ရေးမှူးများမှ ပြန်လည်အရွေးခံလိုသူများ ဝင်ရောက်ရွေးချယ်ခံနိုင်ရေးအတွက်လည်း တင်ပြထားကြောင်း သိရသည်။
“လက်ရှိတာဝန်ထမ်းဆောင်နေတဲ့ ရပ်/ကျေး အုပ်ချုပ်ရေးမှူးတွေက သူတို့တာဝန်ထမ်းဆောင်နေတဲ့ သက်တမ်း(၂)နှစ် မကျော်သေးတဲ့အတွက် ထပ်ပြီး အရွေးချယ်ခံမယ်ဆိုရင်လည်း အရွေးချယ်ခံလို့ရပါတယ်။ ဒီကိစ္စနဲ့ ပတ်သက်ပြီးတော့ နိုင်ငံရေးပါတီတွေ၊ ဌာနဆိုင်ရာပေါင်းစုံနဲ့ မြို့မိမြို့ဖတွေပါတဲ့ ပြည်နယ်ဒု အစည်းအဝေးမှာတော့ ကျွန်တော်တင်ပြထားပြီးပါပြီ”ဟု ကျိုင်းတုံမြို့နယ် အုပ်ချုပ်ရေးမှူး ဦးတင်မြင့်က ပြောသည်။
ရပ်ကွက်/ကျေးရွာနေပြည်သူများက အများဆန္ဒဖြင့် ရွေးချယ်ပေးထားသည့် ကြီးကြပ်ရေးမှူး (၅)ဦးပါသည့်အဖွဲ့က မိမိတို့ ရပ်ကွက်/ကျေးရွာအလိုက် အိမ်ထောင်စုစာရင်းကို ပြုစုပြီး ဆယ်အိမ်စု၊ ရာအိမ်စုများအလိုက် ဆယ်အိမ်မှူးရွေးချယ်နိုင်ရေးအတွက် ဆယ်အိမ်စု၊ ရာအိမ်စုများ စုဖွဲ့ပေးရမည်ဖြစ်ကြောင်း သိရသည်။
ပြည်သူများက ရွေးကောက်တင်မြှောက်လိုက်သည့် ဆယ်အိမ်မှူး (၁၀)ဦးတွင် ရာအိမ်မှူး(၁)ဦးကို ပြန်လည်ရွေးချယ်ကာ အဆိုပါ ရွေးချယ်ခံ ရာအိမ်မှူးများအနက်မှ ရပ်/ကျေးအုပ်ချုပ်ရေးမှူးဖြစ်သင့်သူကို မဲပေးရွေးချယ်ပြီး ဆယ်အိမ်မှူး၊ ရာအိမ်မှူးများမှ ကျေးရွာတာဝန်ခံကိုလည်း ထပ်မံရွေးချယ်ရမည်ဖြစ်ကြောင်း သိရသည်။
လူထု၏ ရွေးချယ်မှုရလဒ်အား လူထုရွေးချယ်တင်မြှောက်ထားသည့် ကြီးကြပ်ရေးအဖွဲ့က မြို့နယ်အုပ်ချုပ်ရေးမှူးသို့ တင်ပြပြီးနောက် ရပ်/ကျေးအုပ်ချုပ်ရေးအဖွဲ့အား ယခင်ကကဲ့သို့ ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနထံ တင်ပြ အတည်ပြုချက်ရယူရန်မလိုဘဲ ဥပဒေအရလက်မှတ်ထိုး တာဝန်ပေးရမည်ဖြစ်ကြောင်း သိရသည်။
ကျိုင်းတုံမြို့နယ်အတွင်းမှ ရပ်/ကျေးအုပ်ချုပ်ရေးမှူးရွေးချယ်ရေးလုပ်ငန်းစဉ်များနှင့်ပတ်သက်၍ နိုဝင်ဘာလ (၂၈)ရက်နေ့တွင် ကျိုင်းတုံမြို့နယ်အုပ်ချုပ်ရေးမှူး ဦးတင်မြင့်က ရပ်ကွက်နှင့် ကျေးရွာအုပ်စု (၃၈)အုပ်စုမှ ရပ်/ကျေးစာရေး (၃၈)ဦးကို ရှင်းလင်းဆွေးနွေးခဲ့ကြောင်း သိရသည်။
ရပ်/ကျေးအုပ်ချုပ်ရေးမှူး ရွေးချယ်မှုစနစ်သစ်အရ လူထုအနေဖြင့် ကြီးကြပ်ရေးမှူးများ၊ ဆယ်အိမ်မှူးများနှင့် ရာအိမ်မှူးများကို ကိုယ်တိုင်မဲပေးရွေးချယ်ခွင့်ရမည်ဖြစ်သည်။
ပြောင်းလဲလိုက်သည့် စနစ်သစ်အား လူထုသိရှိစေရေးအတွက် ကျိုင်းတုံမြို့ရှိ လူငယ်စင်တာမှ လူငယ်များကလည်း ရပ်/ကျေးအုပ်ချုပ်ရေးမှူး ရွေးချယ်ခြင်းဆိုင်ရာ အသိပေးလက်ကမ်းစာစောင်များကို ဒီဇင်ဘာလ (၃)ရက်နေ့တွင် လူစည်ကားရာနေရာများ၌ ဖြန့်ဝေကြမည်ဖြစ်ကြောင်း သိရသည်။
သတင်း #ဇွဲမြတ်
