ရှမ်းပြည်နယ်အတွင်း ပအိုဝ်းအမျိုးသားအဖွဲ့ချုပ် (PNO)က ရပ်ရွာလူထု အခြေပြုခရီးသွားလုပ်ငန်း လုပ်ကိုင်ရန် ခွင့်ပြုချက် တောင်းထားသည့် ကျေးရွာ (၁၂)ရွာအနက် ရှမ်းပြည်နယ်အစိုးရက ကွင်းဆင်း စစ်ဆေးပြီးသည့် ကျေးရွာ (၉)ရွာတွင် လုပ်ဆောင်ခွင့်ပြုလိုက်ကြောင်း သိရသည်။
“ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသတွေမှာ ခရီးစဉ်သစ်လုပ်နိုင်ဖို့ လျာထားသတ်မှတ်ထားပြီးပြီ။ အကောင်အထည် ဖော်ဆောင်ရွက်နိုင်ဖို့ အချိန်မီ ကျွန်တော်တို့ကွင်းဆင်းခဲ့ပြီးပါပြီ။ ခရီးသွား လုပ်ငန်းတွေကို အမြန်တိုးချဲ့ ဆောင်ရွက်သွားမှာပါ”ဟု ရှမ်းပြည်နယ်အစိုးရအဖွဲ့ စီမံကိန်းနှင့် စီးပွားရေးဝန်ကြီး ဦးစိုးညွန့်လွင် က ပြောသည်။
လက်ရှိတွင် ခွင့်ပြုချက်ပေးထားသည့် ကျေးရွာ (၉) ရွာမှာ တောင်ကြီးမြို့နယ်အတွင်းမှ နားဘောင်၊ လွယ်ခေါ်၊ အင်းနီ၊ ထီဝါးမူး၊ တွူးတန်၊ ထီနဲ့၊ နောင်ခဲ၊ ဆောင်ဖိုးနှင့် ကက္ကူ ကျေးရွာများဖြစ်ကြောင်း သိရသည်။
ရှမ်းပြည်နယ်အတွင်းရှိ ရပ်ရွာလူထုအခြေပြုခရီးစဉ်ဒေသအသစ်များ ဖော်ထုတ်နိုင်ရေးအတွက် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဖြစ်သော ရွာငံမြို့နယ် နှင့် ပင်းတယမြို့နယ်များသို့ ရှမ်းပြည်နယ်အစိုးရ အဖွဲ့ဝင် စီမံကိန်းနှင့် စီးပွားရေးဝန်ကြီး ဦးစိုးညွန့်လွင်ဦးဆောင်သည့်အဖွဲ့က မေလ ၁၂ ရက်နေ့တွင် ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။
ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ လူထုအခြေပြုခရီးသွားလုပ်ငန်းကို ၂၀၁၆ ခုနှစ် ဇန်န၀ါရီလ ၄ ရက်နေ့တွင် စတင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
သတင်း - နိုနို