ကျိုင်းလပ်၊ မေလ(၆)ရက်
နိုင်ငံတော်သမ္မတ၏ လာအိုနိုင်ငံခရီးစဉ်တွင် ရှမ်းပြည်နယ်(အရှေ့ပိုင်း) ကျိုင်းလပ်မြို့ရှိ မြန်မာ-လာအို နှစ်နိုင်ငံ မယ်ခေါင်မြစ်ကူးတံတားမှ ကုန်စည်စီးဆင်းမှုများ ပြုလုပ်နိုင်ရေးအတွက် နှစ်နိုင်ငံ သဘောတူညီချက် MOU လက်မှတ်ရေးထိုးနိုင်ရန် ဒေသခံလုပ်ငန်းရှင်များ မျှော်လင့်လျှက်ရှိကြောင်း သိရသည်။
"ဒီတံတားကြီးကို နှစ်နိုင်ငံ ကုန်စည်စီးဆင်းဖို့ နှစ်နိုင်ငံ MOU သာထိုးဖြစ်ရင် ကျွန်တော်တို့ သတ္တုလုပ်ငန်းရှင်တွေ အတွက်တင်မဟုတ် ဒေသတစ်ခုလုံး အလုပ်အကိုင်အခွင့်အရေးတွေ ပါရလာမှာပါ။ အခုဆို ကျွန်တော်တို့ သတ္တုတွေကို ထိုင်းကနေတစ်ဆင့် တရုတ်နိုင်ငံကိုပို့ရတော့ ထိုင်းနိုင်ငံအတွင်း ကုန်စည်ပို့ဆောင်ခအပြင် ကုန်သွယ်ခွန်(၇) ရာခိုင်နှုန်းပါ ပေးနေရတယ်။ ဒီတံတားကြီးသာ နှစ်နိုင်ငံ MOU လက်မှတ်ရေးထိုးလိုက်ရင် ထိုင်းကို ဒီအခွန်တွေနဲ့ သယ်ယူပို့ဆောင်ခ ပေးစရာမလိုတော့ဘူး"ဟု သတ္တုလုပ်ငန်းရှင်များအသင်း အတွင်းရေးမှူး ဦးတင်နွယ်က ပြောသည်။
ယခုလက်ရှိ ရှမ်းပြည်နယ်(အရှေ့ပိုင်း)မှထွက်ရှိသော ငွေ၊ ခဲ၊ သွပ်နှင့် မဂ္ဂနီးဒိုင်အောက်ဆိုဒ်သတ္တုများအား ထိုင်းနိုင်ငံမှတစ်ဆင့် တရုတ်နိုင်ငံ၊ ယူနန်ပြည်နယ်ရှိ ကျင်းဟုန်ဆိပ်ကမ်းသို့တင်ပို့ရပြီး လာအို-မြန်မာ၊ မယ်ခေါင်မြစ်ကူးချစ်ကြည်ရေးတံတားအား ကုန်သွယ်ခွင့်ရရှိပါက ထိုင်းနိုင်ငံသို့ပေးသွင်းနေရသော ငွေကြေးနှင့် သယ်ယူပို့ဆောင်ခများ ပေးရန်မလိုအပ်တော့သဖြင့် ယင်းကဲ့သို့မျှော်လင့်ခြင်းဖြစ်ကြောင်း သိရသည်။
ယခုလက်ရှိ ရှမ်းပြည်နယ်(အရှေ့ပိုင်း)တွင်ရှိသော သတ္တုထုတ်လုပ်သည့် ကုမ္ပဏီ(၉၇)ခုရှိပြီး ထိုင်းနိုင်ငံမှတစ်ဆင့် မယ်ခေါင်မြစ်ကြောင်းအတိုင်း တရုတ်နိုင်ငံသို့ ရေကြောင်းအသုံးပြု၍ တင်ပို့နေရခြင်းဖြစ်ကြောင်း သိရသည်။
မယ်ခေါင်မြစ်ကူး နှစ်နိုင်ငံချစ်ကြည်ရေးတံတား ဖွင့်လှစ်ပြီးစီးပါက ဒေသထွက်ကုန်များအား လာအိုနိုင်ငံ၊ တရုတ်နိုင်ငံသို့ တိုက်ရိုက်တင်ပို့နိုင်မည်ဖြစ်ပြီး ယခုလက်ရှိတွင်မူ တရုတ်နိုင်ငံမှ ကုန်စည်များမှာ မယ်ခေါင်မြစ်ကြောင်းအသုံးပြု၍ ထိုင်းနိုင်ငံ ချင်းဆဲဆိပ်ကမ်းမှတစ်ဆင့် မြန်မာနိုင်ငံတွင်းသို့ ၀င်ရောက်လာခြင်းဖြစ်ကြောင်း သိရသည်။
ကုန်းလမ်းအတိုင်း ကုန်စည်စီးဆင်းနိုင်ပါက မြစ်ကူးတံတားပေါ်မှ လာအိုနိုင်ငံမှတစ်ဆင့် တရုတ်နိုင်ငံသို့ နာရီပိုင်းအတွင်း ဖြတ်သန်းသွားလာနိုင်သည့်အတွက် ယခင်ကထက် ကုန်စည်စီးဆင်းမှု ပိုမိုမြန်ဆန်လာနိုင်သဖြင့် လုပ်ငန်းရှင်အများစုမှာ မြန်မာ-လာအိုချစ်ကြည်ရေးတံတား ကုန်စည်စီးဆင်းနိုင်ရေးအတွက် မျှော်လင့်လျှက်ရှိကြောင်း သိရသည်။
"ဒီတံတားက ကုန်စည်စီးဆင်းဖို့ဆိုရင် နှစ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာနတွေရဲ့ MOU နားလည်မှု စာချွန်လွှာလိုတယ်။ ကုန်သွယ်မှုလုပ်ဖို့အတွက် အခြေခံလိုအပ်ချက်တွေဖြစ်တဲ့ မြေနေရာနဲ့ ၀န်ထမ်းအင်အားကအစ စီစဉ်ထားတာတွေအဆင်သင့်လုပ်ထားပြီးပါပြီ။ အခုလောလောဆယ်တော့ တံတားပေါ်မှာ သက်ဆိုင်ရာဌာနတွေ တာဝန်ချထားတာတော့ရှိတယ်"ဟု တာချီလိတ်ခရိုင် အုပ်ချုပ်ရေးမှူး ဦးတင်ဝင်းရွှေက ပြောသည်။
မြန်မာ-လာအို မယ်ခေါင်မြစ်ကူး ချစ်ကြည်ရေးတံတားမှတစ်ဆင့် တရုတ်နိုင်ငံ၊ ယူနန်ပြည်နယ် ထွက်ကုန်ပစ္စည်း များအား အာဆီယံနိုင်ငံတွင်းတင်ပို့ရန် လမ်းကြောင်းနှင့် တောင်တရုတ်ပင်လယ်ထွက်ပေါက် ဖြစ်သော ဗီယက်နမ် ရေနက်ဆိပ်ကမ်းသို့ ကုန်ပစ္စည်းများ တင်ပို့နိုင်ကြောင်း သိရသည်။
နှစ်နိုင်ငံချစ်ကြည်ရေးတံတားကြီးအား ၂၀၁၅ ခုနှစ် မေလ (၉)ရက်နေ့တွင် မြန်မာနိုင်ငံမှ သမ္မတ ဦးသိန်းစိန်နှင့် လာအိုပြည်သူ့သမ္မတနိုင်ငံ သမ္မတ မစ္စတာ ကျူမာလေဆိုင်ရာဆွန်တို့မှ တက်ရောက်ဖွင့်လှစ်ခဲ့ခြင်းဖြစ်ပြီး ယနေ့အချိန်ထိ နှစ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာနများ၏ MOU လက်မှတ်ရေးထိုးထားခြင်းမရှိသေးသည့်အတွက် ကုန်သွယ်မှုမပြုနိုင်သေးကြောင်းနှင့် ဒေသခံများ ယာယီနိုင်ငံကူးလက်မှတ်ဖြင့် သွားရောက်လည်ပတ်မှုများသာ ရှိသေးကြောင်း သိရသည်။