ဇောင်းညီ - Tachileik News Agency
တာချီလိတ်၊ သြဂုတ်လ (၂၈) ရက်
နိုင်ငံလုံးဆိုင်ရာ လူငယ်ရေးရာမူဝါဒရေးဆွဲရာတွင် ပါဝင်မည့် ရှမ်းပြည်နယ်ကိုယ်စားပြုမည့် ကိုယ်စားလှယ် (၁၂) ဦးအနေဖြင့် ဒေသတွင်း တိုင်းရင်းသားအားလုံးကို ကိုယ်စားပြုနိုင်ရန် ရွေးချယ်သွားမည်ဖြစ်ကြောင်း သိရသည်။
" ဒီဖက်မှာ တိုင်းရင်းသားများတာကြောင့် တိုင်းရင်းသားအားလုံးကို ကိုယ်စားပြုဖို့အတွက် အဲဒီသဘောတူညီချက်နဲ့ ဆုံးဖြတ်ခဲ့တယ်။ ရှမ်း/တောင်ဆိုရင် ပအိုဝ့်ပါမယ် ၊ အင်းသားပါမယ် ၊ တိုင်းရင်းသား (၄)မျိုးလောက် ပါမှာပါ။ ရှမ်း/အရှေ့မှာတော့ လီဆူ ၊ အာခါ ၊ လားဟူ ၊ရှမ်း (၄)မျိုးဖြစ်ပါတယ်။ ရှမ်း/မြောက်မှာရှိတဲ့ တိုင်းရင်းသားကျတော့ အကုန်လုံးမသိဘူး။ ရှမ်း/မြောက်မှာ ၀ ထည့်မှာမို့ ဒီဖက်မှာ မထည့်တော့ပါဘူး။ တိုင်းရင်းသား (၁၂)မျိုးမထပ်အောင် ရွေးချယ်သွားမှာပါ။"ဟု တာချီလိတ် လူငယ်ကွန်ရက် ဥက္ကဌ ဒေါ်မေဇာခြည်လင်းက ပြောသည်။
ရှမ်းပြည်နယ်အတွင်း ရှမ်း/တောင်၊ ရှမ်း/မြောက်၊ ရှမ်း/အရှေ့တို့မှ ကိုယ်စားလှယ်အသီးသီးကို ရွေးချယ်ကြမည်ဖြစ်ရာ သြဂုတ်လ (၂၃) ရက်မှ (၂၅)ရက်အထိ ရှမ်းပြည်နယ်(မြောက်ပိုင်း) လူငယ်တွေ့ဆုံပွဲ ကျင်းပခဲ့ပြီး ရှမ်း/အရှေ့လူငယ်တွေ့ဆုံပွဲကို တာချီလိတ်မြို့၌ စက်တင်ဘာလ (၂၄ )ရက်နှင့်(၂၅)ရက်တို့တွင် ကျင်းပမည်ဖြစ်သည်။
"အခုလူငယ်အဖွဲ့တွေ ဖွဲ့တာတွေ ၊ လူငယ်တွေ့ဆုံပွဲတွေလုပ်တဲ့ အခါတွေမှာ ဒေသအတွင်းမှာရှိတဲ့ စာသင်ခန်းပြင်ပ ရောက်နေတဲ့ လူငယ်တွေကိုလည်း လမ်းမှားမရောက်အောင် ခေါ်ဆောင်သွားဖို့ လိုအပ်ပါတယ်။"ဟု ဒေသခံတစ်ဦးက အကြံပြုသည်။
နိုင်ငံလုံးဆိုင်ရာ လူငယ်ရေးရာမူဝါဒရေးဆွဲရေးအတွက် တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးမှ လူငယ်ကိုယ်စားလှယ် (၁၂) ဦးစီ တက်ရောက်ဆွေးနွေးကြမည်ဖြစ်ရာ ဒေသအလိုက် လူငယ်ကိုယ်စားလှယ်များကို ရွေးချယ်နေကြခြင်းဖြစ်သည်။