မြန်မာ-ဘင်္ဂလားဒေ့ရှ်နှစ်နိုင်ငံ လုံခြုံရေးနှင့် တရားဥပဒေစိုးမိုးရေး ပူးပေါင်းဆောင်ရွက်မည့် သဘောတူညီချက် (၁၀)ချက် ထုတ်ပြန်

မြန်မာ-ဘင်္ဂလားဒေ့ရှ်နှစ်နိုင်ငံ လုံခြုံရေးနှင့် တရားဥပဒေစိုးမိုးရေး ပူးပေါင်းဆောင်ရွက်မည့် သဘောတူညီချက် (၁၀)ချက် ထုတ်ပြန်
အောက်တိုဘာ 26, 2017
By Tachileik News Agency


ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ရောက်ရှိနေသော မြန်မာနိုင်ငံတွင် နေထိုင်သူများအား ပြန်လည်နေရာချထားရေးကြီးကြပ်ရေး အတွက် သဘောတူညီချက်နှင့်အညီ ပူးတွဲလုပ်ငန်းအဖွဲ့ကို နိုဝင်ဘာလအတွင်း ဖွဲ့စည်းရန် နေပြည်တော်တွင် ကျင်းပသည့် မြန်မာ-ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံ ပြည်ထဲရေးဝန်ကြီးများ ဦးဆောင်သည့် ဝန်ကြီးအဆင့် အစည်းအဝေးမှ သဘောတူညီချက် (၁၀)ချက်တွင် ပါဝင်ကြောင်း သိရသည်။

မြန်မာ-ဘင်္ဂလားဒေ့ရှ်နှစ်နိုင်ငံ ပြည်ထဲရေးဝန်ကြီးများ ဦးဆောင်သည့် ဝန်ကြီးအဆင့် အစည်းအဝေးကို နေပြည်တော်တွင် အောက်တိုဘာလ (၂၄) ရက်နေ့ကကျင်းပရာ မြန်မာနိုင်ငံဘက်မှ တင်ပြသည့် အချက် (၅)ချက်နှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်မှ တင်ပြသည့် အချက် (၇)ချက်တို့အား ဆွေးနွေးပြီးနောက် နှစ်နိုင်ငံအကြား ပူးပေါင်းဆောင်ရွက်မည့် အချက် (၁၀)ချက်ကို သဘောတူညီခဲ့ကြောင်း ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။

အဆိုပါ နှစ်နိုင်ငံသဘောတူညီချက်(၁၀)ချက်အရ နယ်စပ်ဒေသဆက်ဆံရေး တည်ငြိမ်အေးချမ်းရန်နှင့် နယ်စပ်ဒေသတွင် လုံခြုံရေး တိုးမြှင့်နိုင်ရေးအတွက် ပူးပေါင်းဆောင်ရွက်မှုများနှင့် ၁၉၈၀ နယ်စပ်ဒေသ သဘောတူညီချက်ပါ ပြဋ္ဌာန်းချက်များအား အကောင်အထည်ဖော်ဆောင်ရွက်ရန်၊  နယ်ခြားစောင့်တပ်ဖွဲ့များ၏ ဒေသအဆင့် ညှိနှိုင်းဆောင်ရွက်ရေး အစည်းအဝေးအား သုံးလတစ်ကြိမ် ကျင်းပရန်နှင့် အကြီးအကဲများအဆင့်၌ နယ်ခြားစောင့် တပ်ဖွဲ့များ၏ ဗဟိုအဆင့်အစည်းအဝေးအား နှစ်စဉ်ကျင်းပရန်၊ လုံခြုံရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှု၊ ဆွေးနွေးမှုတို့နှင့် စပ်လျဉ်း၍ နားလည်မှုစာချွန်လွှာအရ လုပ်ပိုင်ခွင့်အာဏာအပ်နှင်းထားသော သက်ဆိုင်ရာအာဏာပိုင် အဖွဲ့အစည်းတို့အကြား ကာလအပိုင်းအခြားအလိုက် ဆွေးနွေးပွဲများ စီစဉ်ပြုလုပ်ရန်၊ လိုအပ်ပါက ဝန်ကြီးအဆင့်အစည်းအဝေးအား ကျင်းပရန်နှင့် ဒုတိယဝန်ကြီး/အတွင်းဝန်အဆင့် အစည်းအဝေးများကို တစ်နှစ်တစ်ကြိမ် ပြုလုပ်ရန်၊ မူးယစ်ဆေးဝါးတရားမဝင်သယ်ဆောင်မှု တိုက်ဖျက်ရေးနှင့် စပ်လျဉ်း၍ ပူးပေါင်း ဆောင်ရွက်မှုမြှင့်တင်ခြင်း အစည်းအဝေးကို ခြောက်လတစ်ကြိမ် ကျင်းပရန်၊ အကြမ်းဖက်မှုတိုက်ဖျက်ရေး ပူးပေါင်းဆောင်ရွက်မှုနှင့် စပ်လျဉ်း၍ သဘောတူညီ ချက် လက်မှတ်ရေးထိုးမှုအား စဉ်းစားသုံးသပ်ရန်၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ မြန်မာနိုင်ငံတွင် နေထိုင်သူများ ဝင်ရောက်မှုအား ချက်ချင်းရပ်တန့်ရန်၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ရောက်ရှိနေသော မြန်မာနိုင်ငံတွင် နေထိုင်သူများအား စောနိုင်သမျှ အစောဆုံးပြန်လည်နေရာချထားရေး အတွက် ရခိုင်ဒေသအတွင်း ပုံမှန်အခြေအနေ ပြန်လည်ရောက်ရှိရန် ၊ ပြန်လည်နေရာချထားရေးကြီးကြပ်ရေးအတွက် ၂၀၁၇ ခုနှစ်၊ နိုဝင်ဘာလတွင် သဘောတူညီချက်နှင့်အညီ ပူးတွဲလုပ်ငန်းအဖွဲ့ ဖွဲ့စည်းရန်၊ ရခိုင်ဒေသမှ စွန့်ခွာ ထွက်ပြေးသူများ ပြန်လည်ခေါ်ယူရေးနှင့် စပ်လျဉ်း၍ နှစ်နိုင်ငံသဘောတူညီချက် များအား အပြီးသတ် ဆောင်ရွက်ရန် ၊ သတင်းအချက်အလက်ဖလှယ်ရေး၊ ဆက်သွယ်ဆက်ဆံရေးနှင့် နှစ်နိုင်ငံညှိနှိုင်း ဆောင်ရွက်ရေးတို့ အတွက် အောက်ခြေအဆင့်၊ အလယ်အလတ်အဆင့်၊ ဗဟို အဆင့်တို့၌ ဆက်သွယ်ဆက်ဆံရေးအရာရှိများ သတ်မှတ်ရန်၊ အပြန်အလှန်ယုံကြည်မှုများ တည်ဆောက်နိုင်ရေးအတွက် အလည်အပတ် ခရီးစဉ်များ အပြန်အလှန်တိုးမြှင့်ဆောင်ရွက်ရန်တို့ကို လုပ်ဆောင်သွားမည်ဖြစ်ကြောင်း သိရသည်။

ယင်းသဘောတူညီချက်များအပြင် ရခိုင်ပြည်နယ်၊ မောင်တောဒေသတွင် ၂၀၁၇ ခုနှစ်၊ သြဂုတ်လ (၂၅) ရက်နေ့က တိုက်ခိုက်ခဲ့သော ARSA အစွန်းရောက်အကြမ်းဖက်အဖွဲ့အား အကြမ်းဖက်အဖွဲ့အစည်းအဖြစ် မြန်မာနိုင်ငံအစိုးရမှ ကြေညာထားပြီးဖြစ်သဖြင့် အဆိုပါ အကြမ်းဖက်မှုတွင် ပါဝင်ပတ်သက်သူများ၊ အားပေးကူညီသူများအား အရေးယူဆောင်ရွက်မှုနှင့် ထွက်ပြေး တိမ်းရှောင်နေသူများ အမည်စာရင်းကို ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်သို့ လွှဲပြောင်းပေးခဲ့ပြီး အမြန်ဆုံး စုံစမ်းဖော်ထုတ် လွှဲပြောင်းပေးရန် တောင်းဆိုထားခြင်းအား ဘင်္ဂလားဒေ့ရှ်အစိုးရက စုံစမ်းဖော်ထုတ်ပြီး ဆောင်ရွက်မှုများနှင့် ရရှိလာမည့် သတင်းအချက်အလက်များအား အကြောင်းပြန်ကြားသွားမည် ဖြစ်ကြောင်း သိရသည်။

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ ပြည်ထဲရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ကျော်ဆွေ၏ ဖိတ်ကြားချက်အရ ဘင်္ဂလားဒေ့ရှ်ပြည်သူ့သမ္မတနိုင်ငံ၊ ပြည်ထဲရေးဝန်ကြီးဌာန၊ ဝန်ကြီး Mr.Asaduzzaman Khan ၊ ဘင်္ဂလားဒေ့ရှ်ရဲအဖွဲ့ ရဲချုပ် (Inspector General) Mr.A K M Shahidul Hoque နှင့် အမြဲတမ်းအတွင်းဝန်များ၊ ဘင်္ဂလားဒေ့ရှ်နယ်ခြားစောင့်တပ်ဖွဲ့ ညွှန်ကြားရေးမှူးချုပ် Major General Abul Hossain (ndc, psc, P Eng) တို့ ပါဝင်သော ကိုယ်စားလှယ်အဖွဲ့ (၁၅) ဦးပါဝင်သည့်အဖွဲ့က နေပြည်တော်တွင် လာရောက်ဆွေးနွေးခဲ့ခြင်းဖြစ်ပြီး အဆိုပါဆွေးနွေးပွဲတွင် မြန်မာနိုင်ငံဘက်မှ တင်ပြသည့် အချက် (၅)ချက်မှာ နှစ်နိုင်ငံနယ်စပ်ဒေသ တရားဥပဒေစိုးမိုးရေးနှင့် လုံခြုံရေးပူးပေါင်းဆောင်ရွက်မှု တိုးမြှင့် ဆောင်ရွက်ခြင်း၊ အကြမ်းဖက်မှုတိုက်ဖျက်ရေး ပူးပေါင်းဆောင်ရွက်ခြင်း၊ နယ်စပ် ဆက်ဆံရေးရုံးများ ထူထောင်ဖွင့်လှစ်ခြင်း၊ တရားမဝင် နယ်စပ်ဖြတ်ကျော်မှုနှင့် လူဝင် လူထွက်မှုများ စိစစ်ခြင်းနှင့် နိုင်ငံသားစိစစ် လက်ခံမှုများတွင် ပူးပေါင်းဆောင်ရွက်ခြင်း၊ မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေး ပူးပေါင်းဆောင်ရွက်ခြင်းတို့ဖြစ်ပြီး ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်မှ တင်ပြသည့် အချက် (၇)ချက်မှာ နယ်စပ်ဒေသတည်ငြိမ်အေးချမ်းရေး ထိန်းသိမ်းခြင်း၊ လုံခြုံရေးအခန်းကဏ္ဍနှင့် နယ်စပ်ဒေသတစ်လျောက် ပူးပေါင်းဆောင်ရွက်ခြင်း နှင့် နားလည်မှုမြှင့်တင်ခြင်း၊ အကြမ်းဖက်မှုတိုက်ဖျက်ရေးပူးပေါင်းဆောင်ရွက်ခြင်း၊ မူးယစ် ဆေးဝါးတရားမဝင် ကူးသန်းရောင်းဝယ်မှု တိုက်ဖျက်ရေး၊ နယ်စပ်ဖြတ်ကျော်မှုခင်းများ တိုက်ဖျက်ရေး၊ နယ်စပ်ဒေသတစ်လျောက် တရားမဝင်လှုပ်ရှားမှုများ၊ နယ်စပ်ဆက်ဆံရေးရုံး များထူထောင်ခြင်းများနှင့်ပတ်သက်၍ ဆွေးနွေးရန်ဖြစ်ကြောင်း သိရသည်။

အဆိုပါ နှစ်နိုင်ငံဝန်ကြီးအဆင့် အစည်းအဝေးအပြီးတွင် မြန်မာ-ဘင်္ဂလားဒေ့ရှ်နှစ်နိုင်ငံ ဒုတိယဝန်ကြီးအဆင့် လုံခြုံရေးဆိုင်ရာ ဆွေးနွေးမှုလုပ်ငန်းစဉ် သဘောတူညီချက်ကို မြန်မာနိုင်ငံကိုယ်စား ပြည်ထဲရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဗိုလ်ချုပ် အောင်စိုးနှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကိုယ်စား ပြည်ထဲရေးဝန်ကြီးဌာန အတွင်းဝန် Mr.Mostafa Kamal Uddin တို့က လက်မှတ်ရေးထိုးခြင်း၊ နယ်စပ်ဆက်ဆံရေးရုံးများ ထူထောင်ဖွင့်လှစ်ခြင်း၊ ပူးပေါင်း ဆောင်ရွက်မှု နားလည်မှုစာချွန်လွှာကို မြန်မာနိုင်ငံ၊ ပြည်ထဲရေးဝန်ကြီးဌာန ကိုယ်စား ရဲဦးစီးအရာရှိချုပ် ရဲမှူးချုပ် မျိုးဆွေဝင်းနှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ နယ်ခြားစောင့်တပ်ဖွဲ့၊ Additional Director General, Brigadier General Abul Hasnat Mohammad Khairul Bashar (ndc, psc, P Eng)တို့က လက်မှတ်ရေးထိုးခဲ့ကြကြောင်း သိရသည်။

~~~~~~~~⊰❂ unicode ~~~~~~~~
1အအ
 #TachileikNewsAgency #TachileikOnlineNews  #တာချီလိတ်သတင်းအေဂျင်စီ www.tachileik.net  
~~~~~~ ကြော်ငြာ ~~~~~~