ရှမ်းပြည်နယ်အရှေ့ပိုင်းဒေသများသို့ ထိုင်းနိုင်ငံသားများ တရာဝင်ရောက်လေ့လာမှု ခရီးစဉ်များတွင် မြန်မာနိုင်ငံစားသုံးကုန်ပစ္စည်းများပေါ်တွင် ယုံကြည်မှုကင်းမဲ့ လျှက်ရှိကြောင်းသိရသည်။
“သူတို့က ရေသန့် ရေဗူးခွံအရောင် ညစ်နေတာဆိုရင် မသောက်ဘူး ကြည်နေတဲ့ ရေသန့်ဘူး လိုက်ရှာပေးရတယ်၊ အိမ်တွင်းလုပ် အစားအစာတွေဆို ရိုးရိုးပလပ်စတစ် အိပ်တွေနဲ့ ထုတ်ပိုးထားတာတွေ၊ တံဆိပ်ကပ်ပြီး ပါဝင်မှုပစ္စည်းတွေ ဖေါ်ပြမှုမရှိတာတွေဆိုရင် မစားဘူး”ဟု ခရီးသွားလမ်းညွှန် ကိုစတီဗင်မှပြောသည်။
ဒေသတွင်း ထုတ်ကုန်များသည် မိသားစုလုပ်ငန်းများ အိမ်တွင်စားသုံးကုန်ပစ္စည်းများဖြစ်ရာ ထုတ်ပိုးမှုပုံစံ သပ်ရပ်မှု မရှိခြင်းအပေါ် ယုံကြည်မှု အားနည်းခြင်းဖြစ်ကြောင်း ၎င်းထံမှသိရသည်။
ထိုင်းနိုင်ငံမှ ခရီးသွားဧည့်သည်များသည် ရှမ်းပြည်နယ်အရှေ့ပိုင်းဒေသရှိ ကျိုင်းတုံနှင့် မိုင်းလားမြို့သွားရောက် ပို့ဆောင်ပေးရကြောင်း၊ အဓိကအားဖြင့် လူနေမှုပုံစံများနှင့် ဒေသတွင် လေ့လာရေး အတွေ့အကြုံနှင့် ရိုးရာလုပ်ငန်းများအပေါ်လာရောက်လေ့လာမှုများ ပိုမိုများပြားကြောင်း ခရီးသွားဧည့်လမ်းညွှန်အဖွဲ့မှသိရသည်။
နိုင်ငံခြားသား ခရီးသွားများ အဓိကနေရာသွားရောက် လေ့လာသောနေရာများမှာ ကျိုင်းတုံမြို့တွင် သစ်တစ်ပင်တောင်၊ နောင်တုံကန်၊ ရပ်တော်မူဘုရားနှင့် ဓါးလုပ်ငန်းလုပ်ဆောင်သော ပန်ဘဲဖိုများ၊ မိုင်းလားမြို့တွင် နှစ်နိုင်ငံ ချစ်ကြည်ရေးမှတ်တိုင်ရှိ မုဒ်ဦးနှင့် ချစ်ကြည်ရေး စေတီ၊ မိုင်းလားမြို့မဈေးသို့ သွားရောက်လေ့လာကြောင်း သိရသည်။
ခရီးသွားများသည် တစ်ခေါက်လျှင် လူဦးရေ(၃၀)ခန့်ပါဝင်ပြီး (၂)ညအိပ် (၃)ရက်ခန့်ကြမြင့်ကြောင်း၊ မြန်မာနိုင်ငံ လူဝန်မှုကြီးကြပ်ရေးဦးစီးဌာနတွင် ယာယီနိုင်ငံကူးလက်မှတ်လုပ်ပေးကြောင်း တစ်ခေါက်လုပ်လျှင် (၂)ပတ်အချိန်ပေးပြီး (၁၀)ဒေါ်လာပေးရကြောင်း သိရသည်။