ထိုင်းနိုင်ငံ မယ်ဆိုင်မြို့တွင် မြန်မာနိုင်ငံသား တစ်ဦး ဒဏ်ရာရပြီး တစ်ဦး ပွဲချင်းပြီး သေဆုံးသည့် လူသတ်မှုဖြစ်ပွား

ထိုင်းနိုင်ငံ မယ်ဆိုင်မြို့တွင် မြန်မာနိုင်ငံသား တစ်ဦး ဒဏ်ရာရပြီး တစ်ဦး ပွဲချင်းပြီး သေဆုံးသည့် လူသတ်မှုဖြစ်ပွား
စက်တင်ဘာ 4, 2014
By Tachileik News Agency

တာချီလိတ်မြို့ နှင့် အနီးစပ်ဆုံးဖြစ်ပြီး ကျိုင်းတုံမြို့နှင့် တာချီလိတ်မြို့မှ မြန်မာနိုင်ငံသားများ သွားရောက် အလုပ်လုပ်ကိုင်လျက်ရှိသည့် ထိုင်းနိုင်ငံ မယ်ဆိုင်မြို့တွင် ၂၀၁၄ခုနှစ် စက်တင်ဘာလ(၃)ရက်နေ့ ထိုင်းစံတော်ချိန် နံနက်(၁၁)နာရီဝန်းကျင်က မြန်မာနိုင်ငံသား နှစ်ဦးအနက် တစ်ဦး ဒဏ်ရာရရှိပြီး တစ်ဦးသေဆုံးသည့် လူသတ်မှု တစ်ခု ဖြစ်ပွားခဲ့ကြောင်း သိရသည်။

ဖြစ်ပွားပုံမှာ ထိုင်းနိုင်ငံ၊ ချင်းရိုင်းခရိုင်၊ မယ်ဆိုင်မြို့၊ ဖာရမ်းဖသတ်ကျေးရွာ၊ ရပ်ကွက်(၁၀)၊ ၀မ်ဖမ်းခမ်းရပ်ကွက်ရှိ အိမ်အမှတ်(၉၁၀)တွင် နေထိုင်သည့် မြန်မာနိုင်ငံသားများဖြစ်ကြသော ဦးစိုင်းကျောက် နှင့် ဇနီး ဒေါ်နန်းကျောက်တို့ နှစ်ဦးသည် အဆိုပါ အိမ်တွင် ရှိနေစဉ်  အမည်မသိ လူတစ်ဦးသည် နေအိမ်တံခါးအား ဖျက်ဆီးဝင်ရောက်လာပြီးနောက် ဦးစိုင်းကျောက်အား ဓားမြှောင့်ဖြင့် ၀ဲဘက်ရင်အုံအား ထိုးသွင်းရာ လဲကျသွားပြီး ဇနီးဖြစ်သူမှ လုံးထွေးကာကွယ်ရာမှ ဦးခေါင်းကို တခုခုဖြင့် ရိုက်နှက်ခံရပြီး ယာဘက်ရင်အုံကို ဓားဖြင့် ထိုးသွင်းခံရမှုတို့ကြောင့် ဒဏ်ရာပြင်းထန်စွာ ရရှိခဲ့ကြောင်း သိရသည်။

အခင်းဖြစ်ပွားရာ နေရာတွင် ဦးစိုင်းကျောက်မှာ ပွဲချင်းပြီး သေဆုံးသွားခဲ့ပြီး ၎င်းတို့တွင် သား(၁)ဦး၊ သမီး(၁)ဦး စုစုပေါင်း နှစ်ဦးရှိကြောင်းနှင့် ဦးစိုင်းကျောက်မှာ မယ်ဆိုင်မြို့တွင် ပန်းရံအလုပ်ကို လုပ်ကိုင်သူဖြစ်ပြီး ဇနီးဖြစ်သူ ဒေါ်နန်းကျောက်မှာ မယ်ဆိုင်မြို့ လွယ်ပေါင်းဈေးတွင် နေကြာစေ့လှော် ရောင်းသူဖြစ်ကြောင်း သိရသည်။

သေဆုံးသူ ဦးစိုင်းကျောက်သည် ကျိုင်းတုံ ဇာတိဖြစ်ပြီး မြန်မာဘက်မှ ၂၀၁၄ခုနှစ် စက်တင်ဘာလ(၂)ရက်နေ့ နံနက်ပိုင်းက TBP ယာယီနယ်စပ်ဖြတ်သန်းခွင့် လက်မှတ်ဖြင့် ထိုင်းဘက်သို့ ထွက်ခွာသွားတာဖြစ်ကြောင်း သိရှိရသည်။

သတင်း ။   ။ ကိုဇောင်း
~⊱•❈❀ღ✿⊰❂⊱✿ღ❀❈•⊰~
Tachileik Online News
~⊱•❈❀ღ✿⊰❂⊱✿ღ❀❈•⊰~
~~~~~~~~~ ကြော်ငြာ ~~~~~~~~~